DVB Logo
Home
မြန်မာသတင်း
စူးချွန်ဖြင့်ထိုးသတ်ခံခဲ့ရမှု ဥပဒေအရ အရေးယူပေးရန် စာရေးဆရာ တောင်းဆို
DVB
·
December 22, 2017
စူးချွန်ဖြင့်ထိုးသတ်ခံခဲ့ရမှု ဥပဒေအရ အရေးယူပေးရန် စာရေးဆရာ တောင်းဆို
Donate to DVB

စစ်တွေမြို့မှာ အမည်မသိ ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးက စူးချွန်နဲ့ထိုးသတ်ခဲ့မှုအပေါ် ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ ကာယကံရှင်ဖြစ်သူ Roma Time ဂျာနယ် အယ်ဒီတာချုပ်၊ လူငယ်စာရေးဆရာ ကိုကျော်လင်းက တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ကိုကျော်လင်းဟာ သူ့ရဲ့နေအိမ်ကနေ မြို့ထဲကိုဝင်လာတုန်း စစ်တွေ အဝေးပြေးကားဂိတ်အလွန် ဝေသာလီရင်ပြင်အနီးမှာ အမည်မသိ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦးက ချွန်ထက်တဲ့စူးနဲ့ နောက်ကျောကို နှစ်ချက်ထိုးတာ ခံခဲ့ရတာပါ။

“သူတို့မျက်နှာမှာ ဖုံးထားတာတွေမရှိဘူး။ ဒါပေမယ့် ကျနော်မြင်နေကျလူတွေတော့ မဟုတ်ဘူး။ မျက်နှာစိမ်းတွေပေါ့။ သူတို့ကလည်း တခါတည်း ကျနော့်ကို အပြီးလုပ်သွားတာနေမှာပေါ့လေ။ ပြန်ပြီးတော့ မရှင်နိုင်တဲ့ အနေအထားပေါ့။ အဲဒီလို ပုံစံမျိုးမို့လည်း စိတ်ချလက်ချနဲ့ မျက်နှာဖုံးမစွပ်တာပေါ့” လို့ ပြောပါတယ်။

လုပ်ကြံခံရတဲ့ ကိုကျော်လင်းက သူ့မှာ ရန်ငြှိုးရန်စ မရှိဘူးလို့ ပြောပြီး သူ တချို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သတင်းဆောင်းပါးတွေ ရေးနေတာကြောင့် အခုလို လုပ်ကြံခံရတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီနေ့က ကိုကျော်လင်းဟာ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတာဖြစ်ပြီး သူနဲ့အတူ ဆိုင်ကယ်မောင်းလာတဲ့ သူ့သူငယ်ချင်းကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်အတူမောင်းလာတဲ့ ကိုကျော်လင်းရဲ့ သူငယ်ချင်းဖြစ်သူက “ဝေသာလီရင်ပြင်ရောက်တော့ ဘေးနား ဆိုင်ကယ်တစီးက ပွတ်တိုက်ပြီး ကျော်တက်သွားတယ်။ အဲဒါတော့ ကျနော်သိလိုက်တယ်။ ဆိုင်ကယ်ကျော်သွားမှ ကိုကျော်လင်းက ဆေးရုံကိုပို့ပါလို့ ပြောခါမှ ကျနော်က သူအထိုးခံရမှန်းသိတာ။ ဆေးရုံရောက်တော့ သူက သွေးအန်နေပြီ၊ ပြီးမှ သူ့ကို စူးနဲ့နှစ်ချက်ထိုးခံလိုက်ရတာသိတာလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

လောလောဆယ် ကိုကျော်လင်းဟာ စစ်တွေမြို့ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်မှာ အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူနေရပါတယ်။

ကိုကျော်လင်းဟာ ကျော်လင်း(ရောင်စုံ) အမည်နဲ့ ဒီဗွီဘီ၊ ဒီအမ်ဂျီ စတဲ့ သတင်းဌာနတွေမှာ ပြင်ပဆောင်းပါးရှင်အဖြစ် သတင်းဆောင်းပါးတွေ ရေးသားနေသူဖြစ်ပြီး ကျူးလွန်သူတွေကို သက်ဆိုင်ရာက ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုပါတယ်။

အမှုကို ဆောင်ရွက်နေတဲ့ မင်းဂံနယ်မြေရဲစခန်းကို ဒီဗွီဘီက သွားရောက်မေးမြန်းရာ စခန်းမှူး ဦးသန်းရွှေက “ကျနော်တို့က ကိုကျော်လင်းအမှုနဲ့ပတ်သက်လို့ တရားခံဖမ်းမိနိုင်အောင် စုံစမ်းနေဆဲပါ။ လောလောဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါတယ်” လို့ ပြောပါတယ်။

ကိုကျော်လင်း လုပ်ကြံခံရတဲ့ အမှုနဲ့ပတ်သတ်လို့ တရားခံနှစ်ဦး ဖမ်းဆီးရရှိနိုင်ရေး ဆောင်ရွက်နေပြီး မင်းဂံနယ်မြေရဲစခန်းက (ပ)/၉၉၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ တို့နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013