ကျားဖောင် ၇ ဖောင်နှင့် အလုပ်သမား ၂၁ ဦးကို ပြန်လည်တွေ့ရှိ
DVB
·
December 22, 2017

အမာမြို့အနီးရှိ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့ ကျားဖောင်တွေနဲ့ အလုပ်သမားတွေထဲက ဒီနေ့ ကျားဖောင် ၇ ဖောင်နဲ့ အလုပ်သမား ၂၁ ဦးကို ပြန်လည်တွေ့ရှိပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ အမာမြို့၊ ခါးပြတ်ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ပင်လယ်ပြင်ထဲ ငါးပုစွန် ဖမ်းဆီးတဲ့ အလုပ်သမား ၃၉ ဦးပါ ကျားဖောင် ၁၃ ဖောင်ဟာ လေနီကြမ်းဝင်ပြီး ကြိုးပြတ်ကာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
ကျားဖောင်တဖောင်မှာ အလုပ်သမား ၃ ဦးစီ ပါသွားခဲ့ပြီး အခုတော့ ကျားဖောင် ၆ ဖောင်နဲ့ အလုပ်သမား ၁၈ ဦး ဆက်လက်ပျောက်ဆုံးနေတာကြောင့် ဒေသခံကျွမ်းကျင်တဲ့ ရေလုပ်သားတွေနဲ့ ဒေါ်ညိမ်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။
“လေနီကြမ်းဝင်လို့ မျောသွားတာလို့ သိရတယ်။ ဒီအချိန် လေနီကြမ်းဝင်တာမျိုး မရှိတော့ မျောကုန်ကြတာ ဖြစ်မယ်။ ဒီမနက်တော့ တိုက်နေတဲ့လေတွေက ကမ်းဘက်ပြန်တိုက်နေတော့ ဒေသခံတွေက ပျောက်နေတဲ့ ကျားဖောင်တွေ ကမ်းကို လေနဲ့ ပြန်ကပ်လာမလား မျှော်နေကြတယ်။”
ပျောက်ဆုံးနေတဲ့ ကျားဖောင်တွေကတော့ ဦးအောင်ခင် ဆိုသူ ပိုင်ဆိုင်တာ ဖြစ်ပြီး ကျားဖောင်အားလုံးမှာ ရွှေစင်ဖြိုးအလုပ်ရုံ အမှတ်အသားဖြစ်တဲ့ အင်္ဂလိပ်စာလုံး အတိုကောက် (SZP)ကို ဖောင်ပေါ်ရှိ အလုပ်သမားတွေ နေတဲ့ တဲအိမ်နံရံတွေက မြင်သာတဲ့ နေရာမှာ ရေးသားထားပြီး ကမ်းကပ်ချိန်မှာ တွေ့ရှိပါက ဖောင်နဲ့ အလုပ်သမားတွေကို ကယ်ဆယ်ပေးထားပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)