DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် လူသတ်မှုကျူးလွန်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားကို ဖမ်းမိ
DVB
·
December 22, 2017
ထိုင်းတွင် လူသတ်မှုကျူးလွန်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားကို ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားချင်း ချေးငွေ ဘတ်နှစ်ထောင်ကြောင့် စကားများရာက စိုင်းငဲ (ခေါ်) စိုင်းမြအောင်ဆိုသူ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ထိုင်းရဲတွေက လူသတ်သမားကို စုံစမ်းရှာဖွေနေရာမှာ မနေ့ညနေပိုင်းက ဖမ်းမိပြီလို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

လူသတ်သမားမှာ အသက် ၄၂ နှစ်ရွယ်ရှိ ခိုင်လွင်ဦး (ခေါ်) တွမ့် ဆိုသူဖြစ်ပြီး သူဟာ ချင်းမိုင်မြို့ ပါဒက်ရပ်ကွက် နယ်မြေ ၈ ရှိ ဝပ်ကော်ကန်ဘုန်းကြီးကျောင်းအနီး ပုန်းရှောင်နေကြောင်း စုံစမ်းသိရှိရတဲ့အတွက် မနေ့ နေ့လယ် ၂ နာရီခွဲအချိန်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ချင်းမိုင်ခရိုင်ရဲစခန်း တာဝန်ကျရဲမှူး ကလိုင်းဆီကျူလဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

ခိုင်လွင်ဦးက သူနဲ့ စိုင်းငဲ (သေဆုံးသူ) မှာ အသိတွေဖြစ်ကြောင်း၊ ဆိုင်ကယ်ဝယ်ဖို့ ငွေမလောက်လို့ စိုင်းငဲထံမှ ဘတ် ၂ ထောင်ချေးထားကြောင်း၊ အခင်းဖြစ်တဲ့ ၁၆ ရက်နေ့က စိုင်းငဲမှာ သူ့ထံရောက်လာပြီး အကြွေးလာတောင်းခဲ့ရာမှာ သူက ငွေမရှိလို့ ပြန်မဆပ်နိုင်သေးဘူးလို့ ပြောတာကို စိုင်းငဲက ဆဲဆိုလို့ စိတ်ဆိုးပြီး ညပိုင်းမှာ သူ့ကိုသွားသတ်ခဲ့တာလို့ ရဲကို ဝန်ခံသွားပါတယ်။

သူဟာ ဓားကို အနောက်ကနေ ဝှက်ယူလာခဲ့ပြီး စိုင်းငဲရဲ့လည်ပင်းကို သိုင်းဖက်ကာ ဓားနဲ့ လှီးခဲ့ကြောင်း၊ စိုင်းငဲက ထွက်ပြေးပြီး ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းတာကြောင့် အနောက်ကနေလိုက်ပြီး ဓားနဲ့ ထပ်ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။

စိုင်းငဲလဲကျသွားတော့ သူလည်း ထွက်ပြေးပြီး နောက်တနေ့မနက်မှာ မြန်မာပြည် ပြန်သွားပြီလို့ သတင်းလွှင့်ခဲ့ကြောင်း၊ ဒါပေမယ့် သူကတော့ ချင်းမိုင်မှာ ပုန်းနေပြီး အခြေအနေ ငြိမ်သွားမှ မြန်မာပြည်ပြန်ဖို့ စဉ်းစားထားရာမှာ နောက်ဆုံး ရဲတွေက ဖမ်းမိသွားတာလို့ ပြောပါတယ်။

ရဲစခန်းက သူ့ကို လူသတ်မှု၊ ဓားလက်နက်ကို ခွင့်ပြုချက်မရှိဘဲ လူအများသွားလာနေတဲ့  နေရာမှာ ယူဆောင်လာမှုတွေနဲ့ အမှုဖွင့်ထားပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောပါတယ်။

ခိုင်လွင်ဦးနဲ့ စိုင်းငဲ (ခေါ်) စိုင်းမြအောင်တို့မှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတန်ကျေးရွာအုပ်စုက တနယ်တည်းသားတွေ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013