DVB Logo
Home
Lead Story
မမြင်နိုင်သော တန်ဖိုးရှိသူများ
DVB
·
December 22, 2017
မမြင်နိုင်သော တန်ဖိုးရှိသူများ
Donate to DVB

‘စစ်တွေမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏’ ဆိုသော မုခ်ဝနှင့် ပေ ၂၀ ခန့်တွင် အမှိုက်ပုံတပုံ ရှိနေသည်။ အဆိုပါ အမှိုက်ပုံကို တွေ့လျှင်ဖြစ်စေ၊ မတော်တဆ ကားဂိတ်ဘက်က ခြေကျင်လျှောက်လာ၍ အဆိုပါ အမှိုက်ပုံအနီးကို ရောက်လာလျှင်ဖြစ်စေ ကျနော်တို့မှာ နှာခေါင်းကိုပိတ်ကာ တဖက်ကိုလှည့်ပြီး ရှောင်နေမြဲပင် ဖြစ်သည်။ သို့သော် တခါတခါတော့ အမှိုက်ပုံကိုလာပြီး သယ်ဆောင်သည့် ကားပေါ်မှ အမှိုက်ကို သိမ်းကျုံးယူနေသော သူများကို တွေ့ကြရပါသည်။ ယင်းသို့ သူတို့ရောက်လာပြီဆိုလျှင် အမှိုက်များ ကင်းစင်လေ့ရှိသွားပါသည်။ သို့သော်လည်း ရပ်ကွက်ထဲက လူများကတော့ အိမ်မှ စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံ သတ်မှတ်ရာသို့ ထားနေမြဲ၊ သူတို့လည်း တလတကြိမ်ခန့် လာပြီး အမှိုက်သိမ်းနေဆဲ။

ဒီနေရာမှာ ပြောလိုသည်က ပြည်သူ့ဝန်ထမ်းဖြစ်သော စည်ပင်ဝန်ထမ်းတို့ကို ဆိုလိုသည်ထက် နေ့စားအငှားဘဝဖြင့် ယင်းအမှိုက်ကို သိမ်းယူရန် လိုက်လာလေ့ရှိသည့် အညတရပုဂ္ဂိုလ်များကိုသာ ဆိုလိုပါသည်။ သူတို့လုပ်နေသော အလုပ်သည် ကျနော်တို့ သူသူငါငါ မလုပ်ချင်သော၊ မလုပ်လိုသော အလုပ်လည်း ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သာ လုပ်လိုစိတ်မရှိလျှင် ကျနော်တို့၏ ပတ်ဝန်းကျင်သည် ဒီထက်မကသော အနံ့အသက်များ၊ ညစ်ပတ်မှုများဖြင့် နေကြရမည်သာ ဖြစ်သည်။ တခါတလေတွင် ကျနော်တို့ ပတ်ဝန်းကျင်တွင် တန်ဖိုးနည်းသော်လည်း သူတို့မရှိလျှင် မဖြစ်သည့် အနေအထားများလည်း ရှိပါသည်။

နောက် အသုဘအလောင်းများ၊ ယခုဆိုလျှင် နာရေးကူညီမှုအသင်းများ ရှိနေပြီ ဖြစ်သည်။ သို့သော် တချို့ ကျေးလက်ဒေသများတွင် ဖြစ်စေ၊ ရပ်ကွက်တွင် ဖြစ်စေ၊ မြို့ပေါ်တွင် နာရေးကူညီမှုအသင်းတွင် ဝင်ရောက်လုပ်ကိုင်နေသူများထဲတွင်လည်း တချို့ မသတီစရာဖြစ်နေသော ရုပ်အလောင်းများကို မရွံမရှာ လုပ်ဆောင်ပေးတတ်သောသူများ ရှိတတ်ပါသည်။ သူတို့၏ မွန်မြတ်သော ဝေယျာဝစ္စ လုပ်ပေးခြင်းဖြင့်လည်း သပ်သပ်ရပ်ရပ်နှင့် ဂုဏ်ကျက်သရေရှိသော အခင်းအကျင်းများ ဖြစ်သွားတတ်ပါသည်။ သို့သော်လည်း လူ့အသိုင်းအဝိုင်းတွင် သူတို့၏ လုပ်ဆောင်ချက်များသည် တန်ဖိုးရှိသော်လည်း တကယ်တမ်းကျလျှင် ဟိုးလေးတကျော်နှင့် ကျော်ကြားခြင်းများ မရှိကြပါ။ သူတို့၏ လုပ်ရပ်များသည် မရှိမဖြစ်ဟု ဆိုသော်လည်း သူတို့၏တန်ဖိုးကို အလွယ်တကူ မသိမြင်နိုင်ကြသလို အရေးတယူလည်း သိလိုစိတ်မရှိကြပါ။

လမ်းပန်းဆက်သွယ်ရေးများ ဆောက်လုပ်ကြရာတွင်လည်း နေပူကျဲကျဲတွင် ကျောက်တုံးများကို ထုခွဲနေသော၊ သံလက်ကိုင်ကာ လုပ်ဆောင်နေသော လမ်းအလုပ်သမားများကို တွေ့ကြရပါသည်။ သို့သော် ကျနော်တို့သည် ကားများ၊ ဆိုင်ကယ်များဖြင့် သက်သာစွာ သွားလာနေသည့်တိုင် အဆိုပါလမ်းများ ဖြစ်လာဖို့ ပင်မပုဂ္ဂိုလ်များဖြစ်သည့် လမ်းပြင်အလုပ်သမားများကိုတော့ ထည့်တွက်စဉ်းစားမှုများ အားနည်းပါသည်။

ယင်းသို့ မရှိမဖြစ် လိုအပ်သော တန်ဖိုးရှိသူများကို လူ့အသိုင်းအဝိုင်းတွင် မကြာမကြာ တွေ့ရပါသည်။ တွေ့နေရသော်လည်း ကျနော်တို့သည် အလေးမထားကြပါ။ အရေးကြုံမှသာလျှင် သူတို့၏လုပ်အားကို အကူအညီတောင်းသည့် အဆင့်သာ ဖြစ်ပါသည်။ ယင်းကြောင့်လည်း မထင်မရှားသော တန်ဖိုးရှိသူများကို ကျနော် တွေးနေမိပါသည်။ နိုင်ငံတနိုင်ငံ၊ သူ့ကျွန်ဘဝကို ရောက်ရှိနေသည့်အတွက် ကိုလိုနီနယ်ချဲ့သူများကို တော်လှန်ကြရာတွင် သမိုင်းမတွင်၊ ကမ္ပည်းထိုးမခံရဘဲ တောချုံကြားထဲမှာ အသက်ကို စတေးသွားခဲ့သူ မည်မျှရှိလေမလဲ။

လူတဦး ခေါင်းဆောင်ဖြစ်ဖို့အတွက် သူ့အတွက် ဘဝများစွာ အပွန်းအပဲ့၊ အနစ်နာခံ၊ ထောင်နန်းစံခဲ့သူများ မည်ရွေ့မည်မျှ ရှိခဲ့ပြီလဲ။ ကျနော်တို့ လူ့လောကတွင် တချို့ ကြီးမြတ်မှုအတွက် တချို့ စွန့်လွှတ်မှုများ မည်မျှရှိနေခဲ့ပြီလဲ။

တလောက ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်က ၎င်းနှင့်ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင်ကို ထောင်ချလိုက်သည့်သတင်းကို ဖတ်လိုက်ရသည်။ လာမည့် ၂၀၀၈ တွင် ကမ္ဘောဒီးယားတွင် ရွေးကောက်ပွဲရှိသည်။ ယခုလို အတိုက်အခံခေါင်းဆောင်ကို ထောင်ထဲ ထည့်လိုက်လျှင်တော့ သူနှင့်ပြိုင်မယ့်သူ မရှိတော့။ လက်ရှိအချိန်တွင် ဝန်ကြီးချုပ်သက်တမ်း ၃၂ ရှိနေပြီဖြစ်သော ဟွန်ဆန်အစိုးရကို ပြည်သူများ မနှစ်သက်ကြတော့။ သို့သော် လူမှုရေးအဖွဲ့အစည်းတောင်မှ တနိုင်ငံလုံးတွင် ၁၀ ဖွဲ့ မရှိသော ကမ္ဘောဒီးယားနိုင်ငံတွင် အတိုက်အခံပါတီ ခေါင်းဆောင်ကို ထောင်ထဲသွင်းလိုက်လျှင် တခြားယှဉ်ပြိုင်နိုင်မည့်ပါတီ ရှိမနေပါ။

ယခုလိုမျိုး သတင်းများကို ကြည့်ရင်း ဟွန်ဆင်၏ လာရာလမ်းကြောင်းကို ကျနော် တွေးကြည့်မိသည်။ ၁၉၇၅ ခုနှစ် ဧပြီလ ၁၇ ရက်မှ ၁၉၇၉ ဇန်နဝါရီ ၇ ရက်အတွင်း ခေတ်ပြောင်းတော်လှန်ရေးကို လုပ်ခဲ့သော ပိုပေါ့အစိုးရကို မကြိုက်၍ တော်လှန်ခဲ့သူ ဟွန်ဆန်၊ ပိုပေါ့အစိုးရ လက်ထက်အတွင်း မြို့ပြမှလူများကို တောကိုပို့ပြီး လယ်ထွန်စေခဲ့သည်။ ခမာနီအစိုးရကို ဆန့်ကျင်သူဟု ယူဆသူ အတော်များများကို ကွပ်မျက်ခဲ့သည်။ S 21 ခေါ် တူးဆလန်းအကျဉ်းစခန်းတွင် အကျဉ်းသားပေါင်း ၁၄၀၀၀ ကွပ်မျက်ခံရပြီး ၇ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟု ၂၀၁၀ ပြည့် ဒီဇင်ဘာတွင် ဒါစီးလ်ကီအို ဆိုသူက ရေးသားခဲ့ရာတွင် ဖော်ပြထားသည်။

တချို့မှတ်တမ်းများ၏ အဆိုအရ ဤယဉ်ကျေးမှုတော်လှန်ရေးတွင် ခမာလူဦးရေ ၂ ဒသမ ၂ သန်း သေဆုံးခဲ့သည်ဟု ဆိုပါသည်။ ယင်းသို့သော အကြောင်းတရားများကို တွန်းလှန်ဖယ်ရှားပြီး အာဏာရှင်ပိုပေါ့အား တော်လှန်ခဲ့သူ ဟွန်ဆန်က ယခုအချိန်တွင် ဒီမိုကရေစီ ခရီးလမ်းကို ပိတ်ဆို့ထားသူ အာဏာရှင်အသွင် ဖြစ်လာတော့သည်။

ပိုပေါ့အစိုးရကို တွန်းလှန်ခဲ့သူများ၊ အသက်သေဆုံးခဲ့သူများ၊ ဘဝပျက်သွားသူများ၊ ညှဉ်းပန်းနှိပ်စက်ခံကာ သေဆုံးသူများ များစွာရှိခဲ့မည် ဖြစ်သော်လည်း ဟွန်ဆန်နှင့် သူတို့ အပေါင်းအပါ တစုလောက်သာ ထင်ပေါ်ကျော်စောလာကြပြီး အာဏာကိုလည်း မြဲမြံစွာ ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ ယင်းအနေအထားများသည်လည်း ဟွန်ဆန်တဦးအတွက် မထင်မရှား ပေးဆပ်ခဲ့သူများ ဘယ်ရွေ့ဘယ်မျှ ရှိခဲ့လေသလဲ၊ သူတို့သည် ကန့်လန့်ကာ နောက်ကွယ်ကသာ ဖြစ်သွားပြီး မရှိမဖြစ်သော တန်ဖိုးရှိသူများသာ ဖြစ်ပါသည်။ ယင်းနည်းတူ ပါတီတခု အောင်မြင်ရန်အတွက်လည်း မိမိအသိစိတ်နှင့် မိမိကိုယ်တိုင် ကြိုးစားခဲ့သူများ၊ လိပ်စာပျောက်၊ မိသားစုနှင့် အဆက်အသွယ်မရ ဖြစ်သွားသူများ ဘယ်လောက်ထိ ရှိခဲ့လေသလဲ။

မိမိအားပေးတဲ့ ပါတီအတွက် အင်္ကျီတထည် ဝတ်ရုံ၊ စာရွက်တရွက် ဖြန့်ဝေရုံနှင့် ထောင်နန်းစံခဲ့ရသူများ၊ ဘဝပျက်သွားရသူများ၊ ဘဝအရည်အသွေး ကျဆင်းကာ လူတောမတိုးသူများလည်း အများအပြား ရှိခဲ့ဖူးပါသည်။ သို့သော်လည်း ကျနော်တို့၏ မြင်နိုင်သော မျက်စိများသည် ထင်ပေါ်လာသူ၊ ကျော်စောလာသူများကိုသာ မြင်ကြရပါသည်။ မထင်ရှားသည့်နေရာက လူများကို ကျနော်တို့ မမြင်နိုင်ကြပါ။ မြန်မာ့လွတ်လပ်ရေးအတွက် ရရာလက်နက် စွဲကိုင်ကာ တော်လှန်ခဲ့ကြသော ဗိုလ်မင်းရောင်ကို ကျနော်တို့ သိကြပါသည်။ သို့သော် သူ ကျဆုံးသည့်အခါ သူ့ဘက်ကရပ်တည်ကာ ဝင်တိုက်သူများကို ကျနော်တို့ မသိကြပါ။ တောင်သူလယ်သမား အရေးတော်ပုံ ပေါ်လာတော့ ဆရာစံ ခေါင်းဖြတ်အသတ်ခံသည်ကိုသာ ကျနော်တို့ သိကြပါသည်။ ဆရာစံနှင့်အတူ တိုက်ပွဲဝင်ရင်း သေသွားသူများ၊ ကြိုးစင်တက်ရသူများကို ကျနော်တို့ မမြင်နိုင်ကြပါ။ မှတ်တမ်းများအရ ၁၉၃၂ ခုနှစ်တွင် လယ်သမား သူပုန်ထမှု ချုပ်ငြိမ်းသွားသည့်အခါ ဆရာစံနှင့် လက်ရုံးနှစ်ဆူဖြစ်သော ဆရာဉာဏ်၊ ရသေ့ဗန္ဓက အပါအဝင် လူပေါင်း ၁၂၈ ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရသည်ဟု ဆိုပါသည်။

အဆိုပါအရေးအခင်းတွင် တောင်သူလယ်သမား တပ်ဖွဲ့ဝင် တသောင်းခန့် ကျဆုံးပြီး ကိုးထောင်ခန့် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရသည်ဆိုလျှင် မမြင်နိုင်သော၊ မသိနိုင်သော သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို ကျနော်တို့ တွေးကြည့်နိုင်ပါသည်။ အဆိုပါ လူပေါင်း တသောင်းကျော် နှစ်သောင်းတို့၏ မိသားစု ဆွေမျိုးများသည်လည်း ယခုအချိန်တွင် သိချင်မှ သိကြပေလိမ့်မည်။ ပြည်သူအများစုကတော့ ယင်းခေတ်ကပင် မသိနိုင်ကြသည်သာ များပါသည်။ ဘာချက်စတာ အစိုးရကို တော်လှန်ခဲ့သော ကက်စထရိုဆိုလျှင် ကျူးဘားမှ ကြယ်နီအဖြစ် ကမ္ဘာကျော်ပါသည်။ သို့သော် သူတို့ ဥပဒေကျောင်းသားဘဝကတည်းက စတင်တော်လှန်ခဲ့ကြသော လူ ၂၀၀ တွင် ၁၀၀ ကျော် အသတ်ခံခဲ့ရသော တော်လှန်မှုအတွက် ပေးဆပ်ခဲ့သူများကို ကမ္ဘာကသော်လည်းကောင်း၊ ကျူးဘားကသည် လည်းကောင်း အထူးတလည် အမှတ်မရကြပါ။ အကြောင်းမှာ သူတို့သည် တိုက်ပွဲဝင်ရဲဘော်များသာ ဖြစ်ပါသည်။ ခေါင်းဆောင်များ မဖြစ်ခဲ့။

ပေးဆပ်မှုချင်း၊ အသက်ကို ရင်းကြသူချင်းများထဲတွင် အားလုံးသည် ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်သော တန်ဖိုးရှိသူများသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော လူများထဲတွင် လွတ်လပ်ရေး မော်ကွန်းဝင်အဖြစ် ချီးမြှင့်မခံရသူများ၊ ဒီမိုကရေစီတိုက်ပွဲအတွက် တိုက်ပွဲဝင်ကြရင်း ထောင်သွင်း အကျဉ်းကျခံရသော ထင်ပေါ်ကျော်ကြားမှုမရှိသော ရဟန်းရှင်လူ ပုဂ္ဂိလ်များကို ကျနော်တို့ မသိမြင်နိုင်ကြပါ။ သို့သော် အရွေ့တခုတွင် နောက်ကွယ်က ပေးဆပ်ခဲ့သူများ ပါဝင်မလာဘဲ မရွေ့နိုင် ဆိုသည်ကိုတော့ ကျနော်တို့ သတိပြုမိကြပါသည်။

မည်သို့ပင်ဆိုစေ လူ့အသိုင်းအဝိုင်းတွင်တော့ ကျနော်တို့ မမြင်နိုင်သော တန်ဖိုးရှိသူများ ရှိနေကြသည် ဆိုတာကတော့ သေချာပါသည်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013