DVB Logo
Home
မြန်မာသတင်း
မဲဆွယ်အပြုံးသရော်စာ တနင်္သာရီတိုင်းအစိုးရ တရားစွဲ၊ အမှုကိုရင်ဆိုင်မည်ဟု အယ်ဒီတာပြော
DVB
·
December 22, 2017
မဲဆွယ်အပြုံးသရော်စာ တနင်္သာရီတိုင်းအစိုးရ တရားစွဲ၊ အမှုကိုရင်ဆိုင်မည်ဟု အယ်ဒီတာပြော
Donate to DVB

သရော်စာတပုဒ်အတွက် တိုင်းအစိုးရက တရားစွဲထားတဲ့အပေါ် ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာက ပြောပါတယ်။

တနင်္သာရီတိုင်းအခြေစိုက် အပတ်စဉ် ထုတ်ဝေနေတဲ့ တနင်္သာရီ ဂျာနယ်မှာ နိုဝင်ဘာ ၂၀ ရက်က မဲဆွယ်အပြုံးဆိုတဲ့ သရော်စာကို ဖော်ပြခဲ့လို့ တိုင်းအစိုးရက တရားစွဲဆိုလိုက်တာပါ။

သရော်စာပါ ဖော်ပြချက်တွေဟာ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး အစိုးရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာပါ။

ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ဦးတိုက်လျှောက်တာကို မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ လက်ခံတယ်လို့ သိရတယ်။ ကျနော့်ဆီကို ဆင့်ခေါ်စာပို့ထားတယ်လို့လည်း ပြောတယ်။ လက်ရှိအချိန်ထိကတော့ ကျနော့်ဆီကို မရောက်သေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းပေးဖို့ ထားဝယ်မြို့မရဲစခန်းမှူးကို တရားရုံးက အကြောင်းကြားခဲ့ပြီး ရဲစခန်းမှာ စစ်ဆေးခံခဲ့တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။

ဒါ့အပြင် ကလောင်နာမည် မူးဆေးအိုးကို ဖော်ပြဖို့တောင်းဆိုခဲ့ပေမယ့် မဖော်ပြနိုင်ဘူးလို့ သူက ဆိုပါတယ်။

“ကလောင်နဲ့ ပတ်သက်ပြီး တိုက်က တာဝန်ခံထားတာပါ။ တာဝန်ခံအယ်ဒီတာ ဖြစ်တဲ့ ကျနော်ကပဲ တရားဥပဒေကို ရင်ဆိုင်မှာပါ” လို့ ဦးမျိုးအောင်က ဆိုပါတယ်။

ပြီးတော့ သရော်စာဆိုတာဟာ ခေတ်ရဲ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဇာတ်ကောင်တွေနဲ့ ဟာသ ရသတွေအဖြစ် ရေးသားထားတာဖြစ်လို့ လူတဦးတယောက်၊ အစုအဖွဲ့တခုကို ရည်ညွှန်းတယ်လို့ ကောက်ချက်ဆွဲမရဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး သရော်စာဟာ လက်ရှိ အုပ်ချုပ်ရေးမှူးဖြစ်သူ ရှင်ဂွမ်းဂွိရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ၊ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်အရွေးခံဖို့ ပြင်ဆင်နေပုံတွေကို ရေးသားထားတာပါ။

မီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ပါအချက်တွေအရ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ မစပ်ဆိုင်ရင် ပုဂ္ဂိုလ်တယောက်၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေတဲ့ အရေးအသားတွေ မလုပ်ဖို့ တားမြစ်တာ ဖြစ်ပြီး ငွေဒဏ် ၃ သိန်းက ၁၀ သိန်းအထိ ပြဋ္ဌာန်းထားပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ၁ ဦးအောင်လှထွန်းက “အဲဒီဟာက မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။ အချက်အလက်မှားယွင်းပေးတာဆိုရင်တော့ တကဏ္ဍပေါ့။ သရော်စာက ရှိသင့်တဲ့ ဟာပဲ” လို့ ပြောပါတယ်။

မကြာသေးခင်ကလည်း The Voice သတင်းစာပါ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သက်ပြီး အယ်ဒီတာနဲ့ ရေးသားသူတွေကို တပ်မတော်က တရားစွဲဆို ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013