DVB Logo
Home
မြန်မာသတင်း
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တားဆီးခံရ
DVB
·
December 21, 2017
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တားဆီးခံရ
Donate to DVB

ပင်လုံနဲ့ တာချီလိတ်မှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို တပ်မတော်က လာရောက် တားဆီးပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ဟန့်တားပိတ်ပင်ခံခဲ့ရပြီးနောက် ဒီနေ့ ထပ်မံ တားဆီးခံခဲ့ရတာပါ။

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျင်းပနေတဲ့ လူထုဆွေးနွေးပွဲတွေကို နယ်မြေခံစစ်တပ်က လာရောက်တားဆီးပိတ်ပင်ခဲ့တယ်လို့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီဝင်နဲ့ RCSS ရှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်ကတော့ လားရှိုး လူထုတွေ့ဆုံပွဲမှာ ရောက်နေတာပေါ့နော်၊ ဒီမနက်ပဲ ပင်လုံနဲ့ တာချီလိတ်က လူထုတွေ့ဆုံပွဲတွေ ဟန့်တားပိတ်ပင်ခံရတယ်လို့ ဖုန်းနဲ့ အကြောင်းကြားလာပါတယ်ခင်ဗျ။ နယ်မြေခံစစ်တပ်က အထက်က ညွှန်ကြားချက်နဲ့ လာဟန့်တားတယ်လို့ ပြောတယ်။ အမှန်က ကျနော်တို့ လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းစဉ်အတိုင်း သွားနေတာလေ။ ရှမ်းပြည်နယ်အစိုးရကလည်း ခွင့်ပြုထားပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနတွေအနေနဲ့ ဒီလူထုတွေ့ဆုံဆွေးနွေးပွဲတွေ အဆင်ပြေအောင် လိုအပ်သလို အကူအညီပေးဖို့လည်း ညွှန်ကြားထားတယ်။ ဒါပေမယ့် တဖက်မှာ စစ်တပ်က ဒီလို လာပြီး ဟန့်တားတာကတော့ ကျနော်တို့လည်း နားမလည်ဘူး။”

ဒီလို ဟန့်တားခံရတဲ့အပေါ် ဘယ်လိုဆက်လုပ်မလဲဆိုတာတော့ တိုင်ပင်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ တဖက်ကလည်း လုပ်လက်စ လူထုတွေ့ဆုံပွဲတွေ ဆက်လုပ်သွားမယ်လို့ ဗိုလ်မှူးစိုင်းဦးက ပြောသွားပါတယ်။

ဒီကနေ့ တာချီလိတ် ဟောင်လိုက်ဘုန်းကြီးကျောင်းဝင်းထဲမှာ လုပ်တဲ့ လူထုတွေ့ဆုံပွဲကို  တာချီလိတ်အခြေစိုက် ခလရ ၅၂၆ မှ ဗိုလ်မှူးအေးကိုကို ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်က လာဟန့်တားပြီး ပင်လုံမြို့ တုမ်မိုရပ်ကွက် စာကြည့်တိုက်မှာလုပ်တဲ့ လူထုတွေ့ဆုံပွဲကိုတော့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးဌေးအောင် ဦးဆောင်တဲ့ ၁၀ ဦးပါ အဖွဲ့က လာရောက်ဟန့်တားခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) မှာ ရှမ်းပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ တင်ပြနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်ညီညွတ်ရေးကော်မတီက ဦးဆောင်ပြီး ရှမ်းတိုင်းရင်းသားတို့ နေထိုင်ရာ ပြည်နယ်နဲ့တိုင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ လတ်တလော ကျင်းပနေတာဖြစ်ပြီး တချို့နေရာတွေမှာ တားဆီးပိတ်ပင်ခံနေရတာ ဖြစ်ပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် ​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကို လာမယ့်​ ဇန်​နဝါရီလ လင်း​ခေးမှာ ပြုလုပ်​ခွင့်ရထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013