DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ရန်ပုံငွေသန်း ၁၀၀ ဖြင့် ကျေးရွာချင်းဆက် လမ်းဖောက်မည်
DVB
·
December 21, 2017
မကွေးတိုင်း ရန်ပုံငွေသန်း ၁၀၀ ဖြင့် ကျေးရွာချင်းဆက် လမ်းဖောက်မည်
Donate to DVB

မကွေးတိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၁၀၀ နဲ့ မြို့သစ်မြို့နယ် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မယ်လို့ သိရပါတယ်။

နေပြည်တော်-မြို့သစ်-ကန်ပြားလမ်းမှ ထောက်ရှာတန်း-ဇင်းဗျိုးကျေးရွာ လမ်းပိုင်းကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၀န်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ ပြည်သူတွေ ပူးပေါင်း လမ်းဖောက်သွားမယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်တို့က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ် ဝန်ထမ်းတွေနဲ့တူ လမ်းဖောက်လုပ်ဖို့ မြေပြင်အခြေအနေကို ကွင်းဆင်းကြည့်ခဲ့တယ်လို့ သိရပါတယ်။

မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်း အင်/ယာ(၂) မြို့ပြ ဒေါ်မေသွယ်သွယ်မိုးက “ဆောက်လုပ်ရေးပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး မြေပြင်ကွင်းဆင်းပြီး စက်ယန္တရား လိုအပ်ချက်တွေ ကြည့်ရှုပြီး၊ စက်ယန္တရားတွေ စတင်ရရှိတာနဲ့ လုပ်ငန်း စတင်ဆောင်ရွက်သွားမှာပါ၊ မြေသားလမ်း (၆/၀) မိုင် အရှည်နဲ့ (၁၈ ပေ အကျယ် ၂ ပေထု) လမ်းဖောက်သွားမှာပါ” လို့  ဒီဗွီဘီကို ပြောပါတယ်။

လမ်းကော်မတီအဖွဲ့ဝင် ဦးရဲတင့်က “အဓိကထွက်ကုန်အနေနဲ့ နှမ်း၊ ပဲအမျိုးမျိုး၊ စပါး၊ များစွာထွက်ပါတယ်။ မိုးရာသီချိန်မှာ ကားဗွက်နစ်လို့ ကုန်တွေ အချိန်မီမရောက်တာ အဓိက မြေပဲဆိုရင် မိုးမိလို့ အချိန်ကြာတာနဲ့အမျှ အရည်အသွေးမမီတော့ဘဲ ဈေးကွက်ပျက် ဆုံးရှုံးမှုတွေ အမြဲကြုံတွေ့ခဲ့ရပါတယ်”လို့  ပြောပါတယ်။

“ရွာကနေ မြို့သစ်နဲ့ မကွေးကို သွားရင် တောလမ်းဖြစ်လို့ လမ်းမကောင်းတဲ့အတွက် တည နှစ်ည အိပ်မှ နှောင့်နှေးစွာ ရောက်တယ်၊ ကျန်းမာရေးအနေနဲ့ကလည်း ကျနော်တို့ဆီမှာ ပိုးထိလူနာ များတယ်။ ပိုးထိပြီဆို လမ်းပန်းဆက်သွယ်မှု ညံ့ဖျင်းလို့ ပျက်စီးမှု များတယ်။ အခုလို လမ်းပန်းဆက်သွယ်မှု ဆောင်ရွက်ပေးမယ် ဆိုတော့ ကျနော်တို့ ရွာသူရွာသားတွေက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်နေကြပါတယ်” လို့ လမ်းကော်မတီအဖွဲ့ဝင် ဦးရွှေသိန်းက ပြောပါတယ်။

အဆိုပါလမ်းမှာ ရွာချင်းဆက်လမ်း တခြားကျေးရွာတွေနဲ့ မရှိပေမယ့်လည်း မလှမ်းမကမ်း ကျေးရွာတွေက လမ်းကို အသုံးပြုသွားနိုင်မှာဖြစ်ပြီး၊ ဇစ်ဗျိုးရွာ၊ ကြာအင်းရွာ၊ ထောက်ရှာတန်း မြောက်ရွာ၊ ရှေ့ရွာ၊ နောက်ရွာ စုစုပေါင်းရွာ ၅ ရွာမှ အိမ်ခြေပေါင်း ၆၁၀ ခန့် လမ်းကို အသုံးပြု သွားလာနိုင်မှာ ဖြစ်တယ်လို့ မြို့သစ်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ အထက်မင်းလှမြို့နယ်၊ မြိုင်မြို့နယ်၊ သရက်မြို့နယ်၊ ပေါက်မြို့နယ်တွေမှာ ရှိတဲ့ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းတွေက ရေနံစိမ်း တစည်ကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံကာ ရန်ပုံငွေ အများဆုံး ရရှိတဲ့ လုပ်ငန်းတခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး လုပ်ငန်း အဓိက လုပ်ဆောင်သွားမယ်လို့လည်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - မင်းထီး၊ ဓာတ်ပုံ-လှိုင်ဘွား၊ မျိုးမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013