DVB Logo
Home
Lead Story
ခေးတို့ကို ကွီး ပြောမယ် (ကလေးတို့ကို အစ်ကိုကြီး ပြောမယ်)
DVB
·
December 21, 2017
ခေးတို့ကို ကွီး ပြောမယ် (ကလေးတို့ကို အစ်ကိုကြီး ပြောမယ်)
Donate to DVB

“ကြီးလား”  (ကိုႀကီးလား)

“ဟု ဟု” (ဟုတ် ဟုတ်)

“စမီးပါ” (သမီးပါ)

“ဟု ဟု” (ဟုတ် ဟုတ်)

“သူတို့ စမီးကို စနိုက်ကျော်မတဲ့” (သူတို့က သမီးကို ရီစားလုတဲ့ကောင်မတဲ့)

“ဂယ်ရီး” (တကယ်ကြီး)

“အာ့ ကွီးကြောင့်” (အဲဒါ အစ်ကိုကြီးကြောင့်)

“စမီးက ခေးပဲလေ” (သမီးက ကလေးပဲလေ)

“လူရှေ့မှာ လာဝုန်းတော့ စမီး ဂွမ်းတာပေါ့” (လူရှေ့မှာ အော်ကျယ်အော်ကျယ် လာပြောတော့ သမီး အရှက်ကွဲတာပေါ့)

“စမီး ကွီးကို ဘလော့လိုက်တော့မယ်၊ စမီးကို တက်မလုပ်တော့နဲ့” (သမီး အစ်ကိုကြီးကို အဆက်ဖြတ်လိုက်တော့မယ်။ သမီးကို လာမခေါ်နဲ့။)

လူမှုကွန်ရက်ခေါ် ဆိုရှယ်မီဒီယာပေါ်မှာ ဒီနေ့ လူငယ်အချင်းချင်း ပြောနေကြတာပါ။ တချို့က အသံထွက်ပေါ် အခြေခံထားတဲ့ ဝေါဟာရတွေ၊ တချို့က စာရိုက်ဖို့ လွယ်ကူချောမွေ့ မြန်ဆန်တာကို အခြေခံထားပြီး ရေးလိုက်တဲ့ စကားလုံးတွေ၊  အချို့က ဗန်းစကားတွေပါ။

၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသွားတဲ့ မြန်မာစာပေညီလာခံမှာ ယနေ့ ဆိုရှယ်မီဒီယာ အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းတွေ ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာသူတွေထဲက တချို့ဟာ လူမှုကွန်ရက် အသုံးအနှုန်းတွေအပေါ် စိုးရိမ်မိတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အချို့ကတော့ လက်ခံကြိုဆိုခဲ့ကြပါတယ်။ အချို့ကတော့ ထိန်းကျောင်းပေးတဲ့နည်း လူမှုကွန်ရက် အသုံးအနှုန်းတွေကို မြန်မာဝေါဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတရပ်အဖြစ် အသုံးပြုဖို့ အကြံပြုပါတယ်။

ကျနော်တို့ လူမှုကွန်ရက်ပေါ်က မြန်မာစာ မြန်မာစကား အသုံးအနှုန်းတွေကို ဘာကြောင့်များ ခုလို အရေးပေး ဆွေးနွေးနေမိကြပါသလဲ။ လူငယ်တွေအချင်းချင်း ပြောနေ ဆိုနေတာကို ကျနော်တို့က ဘာကြောင့်များ အရေးတယူ အထိတ်တလန့်နဲ့ စောင့်ကြည့်နေကြပါသလဲ။ ဘာကြောင့် အရေးလုပ် ပြောဆိုနေပါသလဲ။

ဒီနေ့ လူမှုကွန်ရက် ခေါ် ဆိုရှယ်မီဒီယာပေါ်မှာ မြန်မာဘာသာစကား အသုံးပြုနေတဲ့ မြန်မာနိုင်ငံသား လူဦးရေဟာ သန်းနဲ့ချီ ရှိနေတာလည်း အကြောင်းတခုအနေနဲ့ ပါဝင်ခဲ့သလို ဒီနေ့ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ရသစာပေတွေထဲထိအောင် ဆိုရှယ်မီဒီယာ အသုံးအနှုန်းတွေဟာ လျင်လျင်မြန်မြန် ထိုးဖောက် ရောက်ရှိနေလို့ပါ။ အချို့ ဆိုရှယ်မီဒီယာ စကားလုံး အသုံးအနှုန်းတွေဆိုရင် နေ့စဉ်သုံး ဝေါဟာရတွေအဖြစ် သုံးစွဲလာကြတဲ့အထိ ခြေတံ လက်တံ ရှည်လာခဲ့လို့ပါ။

ဗန်းစကားတွေ သုံးစွဲမှု များလာတာဟာ အထူးအဆန်းမဟုတ်။ သဘာဝသာ ဖြစ်တယ်လို့ အများက ခံယူထားပေမယ့် ကြမ်းတမ်း ညစ်ညမ်းတဲ့ ရေခံမြေခံပေါ်က ပေါ်ပေါက်လာတဲ့ ဗန်းစကားနဲ့ ဘာသာ စာပေဟာ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ အမှန်ပါ။ ဒါကို စိုးရိမ်ကြလို့ပါ။ ဒီလိုဆို ဥပဒေတွေ ထုတ်၊ စည်းကမ်းတွေ သတ်မှတ်ပြီး အပြတ် တားမြစ်လိုက်ပါလား။

ဒီလိုဆိုပြန်တော့လည်း ရေခံမြေခံကောင်းကောင်းမှာ ရှင်သန်လာမယ့် ဝေါဟာရတွေ အသုံးအနှုန်းတွေ၊ ဗန်းစကားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်လိုက်သလိုဖြစ်ပြီး ဘာသာ စာပေဟာ ရပ်တန့်ကြုံလှီသွားမှာကို စိုးရိမ်ကြပြန်ပါတယ်။ ဒါကြောင့် လူမှုကွန်ရက် အသုံးအနှုန်းတွေကို ထိန်းကျောင်းတဲ့ နည်းလမ်းကို လူအများ ပိုမိုနှစ်သက် လက်ခံလာတာ တွေ့ရပါတယ်။ ဒါဟာ ငါနဲ့မတူ ငါ့ရန်သူ၊ ငါသာလျှင် အမှန်ဖြစ်တယ်၊ အခြားသူတွေရဲ့ အမြင် အယူအဆ အသုံးအနှုန်းတွေဟာ မမှန်ဘူးဆိုတဲ့ အမြင်တွေ ကျနော်တို့လူမျိုးမှာ တစ တစ ပျောက်ကွယ်နေပြီ ဆိုတာကို  ပြသနေတာပါ။

ဘာသာစကားတိုင်းမှာ တွေ့ရတဲ့ သတ်ပုံပြဿနာ၊ အသုံးအနှုန်းပြဿနာ၊ ဝေါဟာရပြဿနာ၊ ဗန်းစကားပြဿနာတွေဟာ ခေတ်သစ်ဆိုရှယ်မီဒီယာပေါ်အထိ ရောက်လာတာပါ။ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

လူမှုကွန်ရက် (ဆိုရှယ်မီဒီယာ) ပေါ်မှာ မြန်မာစာ ရိုက်နှိပ်တဲ့အခါ အခက်အခဲရှိတာ၊  ရိုက်နှိပ်ရတဲ့ စာလုံးအရေအတွက်ကို လျှော့ချလိုတာတွေကြောင့်လည်း အချို့သတ်ပုံတွေကို ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက ပြင်ဆင်ခဲ့ကြတာပါ။ အချို့ကို အသံထွက်အတိုင်း ရေးကြတာ တွေ့ရပါတယ်။ အဲဒီလို ရေးသားရာမှာ လူတိုင်း လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း နားလည်လွယ်တဲ့ ဝေါဟာရနဲ့ သတ်ပုံတွေကို သုံးစွဲသူတွေက ပိုမိုအသုံးပြုမယ်ဆိုရင် မြန်မာဘာသာစာနဲ့ စကားဟာ ပိုတင့်တယ်လာမှာပါ။ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ ပြောနိုင် နားလည်နိုင်မှသာ သုံးစွဲသူအချင်းချင်းကြား ဆက်သွယ်တဲ့အခါ ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။

လူမှုကွန်ရက် (ဆိုရှယ်မီဒီယာ) ဟာ တဦးနဲ့တဦး ဆက်သွယ်ရာမှာ လျင်မြန်တယ်၊ လွယ်ကူတယ်၊ ကုန်ကျစရိတ် သက်သာတယ်၊ လူတိုင်း အသုံးပြုနိုင်သည့် အခွင့်အရေးလည်း ရှိတယ်၊ ခရီးအကွာအဝေးကို ခြုံနိုင်တယ်၊ အဲဒါတွေကြောင့် မြန်မာရသစာပေနဲ့ သုတစာပေတွေဟာ  ဒီနေ့ လူမှုကွန်ရက် စင်္ကြန်ပ်ါမှာ အရှိန်အဟုန်နဲ့ လျှောက်လှမ်းလိုက်မယ်ဆိုရင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မည်မှာ သေချာပါတယ်။  ဥပမာ ဝါသနာတူ ကဗျာအုပ်စုတွေ၊ ဝတ္ထုတိုအုပ်စုတွေ၊ သိပ္ပံ၊ တက်ကျမ်း၊ ဘာသာရေး၊ နိုင်ငံရေး၊ ဘာသာပြန်စာပေ စတဲ့ အုပ်စုငယ်တွေဖွဲ့ပြီး အပြန်အလှန် အသိပညာ ဖလှယ်မယ်၊ ဝေဖန်မယ်၊ အကြံပြုကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပါပဲ။

ဒါပေမယ့် လူမှုအဆောက်အဦကို ဖျက်ဆီးမယ့် အမုန်းစကားတွေ၊ မမှန်စကားတွေ၊ ညစ်ညမ်းကြမ်းတမ်းတဲ့ စကားတွေ၊ အရေးအသားများကို ရှောင်ရှားဖို့ သတိပြုရမှာပါ။

လူမှုကွန်ရက်ပေါ်မှာ တည်းဖြတ်သူမရှိ လွပ်လွပ်လပ်လပ် ရေးသားခွင့် ရကြတာမို့ သုံးစွဲသူတွေဟာ မိမိရေးသားတဲ့စာနဲ့ စကားတွေကို မိမိကိုယ်တိုင် အာမခံရမှာပါ။ ဒါကြောင့် မိမိရဲ့ ကိုယ်ရေးရာဇဝင်နဲ့ မိမိရုပ်ပုံကို အမှန်အတိုင်း တင်ပြဖို့ တာဝန်ရှိပါတယ်။  အမှန်အတိုင်း မတင်ပြဘဲ အတုအယောင်တွေကို ဖော်ပြရင် အမှန်အတိုင်း ဖော်ပြဖို့ ပျက်ကွက်သူကို အခြား သုံးစွဲသူတွေက မိတ်ဆွေစာရင်းက ပယ်ဖျက်ကြရအောင်ပါ။ ဒီလိုမှ မဟုတ်ရင် မြန်မာစာ မြန်မာစကားဟာ ဒုက္ခ - (ဆိုရှယ်မီဒီယာ အသုံးအနှုန်းတိုင်း သုံးရရင်)  “ဒိုးခ”  ရောက်သွားပါလိမ့်မယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013