DVB Logo
Home
Lead Story
အနည်းဆုံး အခကြေးငွေနဲ့ အကြွေးသံသရာ
DVB
·
December 20, 2017
အနည်းဆုံး အခကြေးငွေနဲ့ အကြွေးသံသရာ
Donate to DVB

“စားပြီး သောက်ပြီး ခြေသလုံးကြီး၊ အိမ်ပြန်လက်ဆောင် ပုခုံးရောင်” ဆိုတာ ကျနော်တို့ အနည်းဆုံး အခကြေးငွေရသူတွေ ရင်ဆိုင်နေရတဲ့ အခြေနေနဲ့ အကိုက်ဆုံးပဲ။ ဒါဟာ စာရေးဆရာရေးတာမဟုတ်။ တကယ့်အလုပ်သမားတွေရဲ့ ဘဝထဲက ထွက်ပေါ်လာတာ။ အလုပ်သမားအချင်းချင်း ပြောရာက ထွက်လာတဲ့စကား။

“တကယ်တော့ တနေ့လုပ်ခဆိုတာ စားသောက်ဖို့တောင် မလောက်ပါဘူး။ ခြင်ထောင်နဲ့ ဒန်အိုးဟာ နေ့နဲ့ည တလှည့်စီ အပေါင်ခံသူထံ အာမခံထားရတာ။ မနက်လင်းတာနဲ့ ခြင်ထောင်လိပ်ပြီး ဒန်အိုးနဲ့လဲရတယ်။ ညပိုင်း စားသောက်ပြီးတာနဲ့ ဒန်အိုးပြန်ပို့၊ ခြင်ထောင်ပြန်ယူရပြန်ရော။ ဒါတောင် အပေါင်ခံ သဘောကောင်းလို့ ဒီလိုလဲခွင့်ပြုတာ။ ကျနော်တို့ကလည်း ဖောက်သည်ဖြစ်နေတာလည်း ပါမှာပေါ့။ အနည်းဆုံး အခကြေးငွေနှုန်း ၃၆၀၀ ဆိုတာ…” လို့ ပြောရင်း သူဟာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တယ်။

အနည်းဆုံးအခကြေးငွေ နှုန်းထားကို ဘယ်လိုသတ်မှတ်ကြမှာလဲ။ ဘယ်လောက်ထားကြမှာလဲ။ ဒီတကြိမ်ပြင်ပြီးရင် ပြင်ထားတဲ့ နှုန်းထားဟာ ဘယ်ကာလအထိ ခံနိုင်မှာလဲ။ သတ်မှတ်နှုန်းထားနဲ့ ငွေကြေးဖောင်းပွမှု ကာမိရဲ့လား။ ဘယ်လိုနှုန်းစံနဲ့ အနည်းဆုံးအခကြေးငွေကို သတ်မှတ်မှာလဲ။ စတဲ့ မေးခွန်းတွေဟာ အလုပ်ရှင်၊ အလုပ်သမားသာမက အစိုးရအဖွဲ့ကပါ စိုးရိမ်နေရတဲ့ အမေးတွေပါ။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေတာကြောင့် ၂၃-၁၀-၁၇ နေ့ကပဲ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “အဆိုပြုနှုန်းထားကို ကျပ် ၄၀၀၀ နဲ့ ၄၈၀၀ ကြား အဆိုပြုနိုင်သလို ဒါ့ထက်လည်း ပိုပြီးအဆိုပြုနိုင်ကြောင်း၊ ညှိနှိုင်းဆွေးနွေးပြီး၊ နောက်ဆုံးအနေနဲ့ ဝန်ကြီးဌာနက သတ်မှတ်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များကလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ စည်းဝေးပြီး အနည်းဆုံး အခကြေးငွေဆိုင်ရာ အဆိုပြုချက်များကို တင်ပြစေလိုကြောင်းနဲ့ အရင်က ဒီဇင်ဘာမှာ ပြုလုပ်ရန်ဖြစ်သော်လည်း လိုအပ်ချက်အရ နိုဝင်ဘာလထဲမှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ အလုပ်သမားတွေ ရရှိနေတဲ့ အနည်းဆုံး အခကြေးငွေ ၃၆၀၀ ကျပ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက အစိုးရက သတ်မှတ်ပေးခဲ့တဲ့ အခကြေးငွေနှုန်းထား ဖြစ်တယ်။ အခုဆိုရင် ၂ နှစ်ကျော် ကြာခဲ့ပြီ။ အလုပ်ရှင်တွေဘက်ကလည်း အနည်းဆုံး အခကြေးငွေနှုန်းထားဟာ တနေ့လုပ်ခ ကျပ် ၅၀၀၀ ထက် ပိုသွားရင် ရင်းနှီးမြှုပ်နှံရာမှာ အခက်ခဲရှိနိုင်တယ်၊ လုပ်ငန်းရပ်တည်ဖို့ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ ယေဘုယျ မျှော်လင့်ချက် အနည်းဆုံး အခကြေးငွေက ကျပ် ၅၆၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။ သူတို့ ထောက်ပြတာကတော့ ၂၀၁၅ ခုနှစ်က အလုပ်သမားဘက်က အနည်းဆုံး အခကြေးငွေကို ကျပ် ၅၂၀၀ တောင်းဆိုခဲ့တယ်။

အစိုးရက အဆုံးအဖြတ်ပေးခဲ့တာက ကျပ် ၃၆၀၀ ပါ။ အခုလက်ရှိ အခြေအနေရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ ကော်မတီက ကျပ် ၄၀၀၀ မှ ကျပ် ၆၄၀၀ အထိ အဆိုပြုထားတယ်လို့ ညွှန်းဆိုကြပါတယ်။ ဒါဟာလည်း အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကြားက အကျပ်အတည်း တခုပဲလို့ အလုပ်သမားအရေး လေ့လာသူများက ဆိုပါတယ်။

ဒါကြောင့် DVB Law Lab ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ အစီအစဉ်မှာ “အနည်းဆုံး အခကြေးငွေ နှုန်းထားအပေါ် ရှုမြင်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်နိုင်ဖို့အတွက် ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) နဲ့ ဦးခိုင်မောင်ရည် (ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်) တို့ကို ဖိတ်ကြားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးမောင်မောင်ဝင်းက “အနည်းဆုံး အခကြေးငွေနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားကြား ကွာဟချက် ရှိတယ်။ လက်ရှိ မြေပြင်အခြေအနေကို ပြန်ကြည့်သင့်တယ်။ အပြင်မှာ အနည်းဆုံး နေ့စားခ ကျပ် ၇၀၀၀ လောက် ရှိတာကိုး။ ခက်နေတာက ငွေကြေးဖောင်းပွမှုပဲ” လို့ ဆိုပါတယ်။

အနည်းဆုံး အခကြေးငွေ တပြေးညီ သတ်မှတ်တာနဲ့ပတ်သက်လို့ ဦးခိုင်မောင်ရည်က “တပြေးညီသတ်မှတ်လို့ မသင့်ဘူး။ ပြည်ပပို့ကုန်ထုတ်လုပ်မှုနဲ့ ပြည်တွင်းထုတ်လုပ်မှုကို ခွဲခြားသတ်မှတ်သင့်တယ်။ ထုတ်လုပ်တဲ့ပစ္စည်းအပေါ်လည်း မူတည်သတ်မှတ်သင့်တယ်။ လုပ်ငန်းကြီး၊ ငယ်အလိုက် ခွဲခြားခြင်း၊ ဒေသအလိုက် ခွဲခြားခြင်းတွေနဲ့လည်း လုပ်သင့်တာပဲ” လို့ ဆိုပါတယ်။ ဆွေးနွေးချက်အားလုံးကတော့ အလုပ်သမားရဲ့ စားဝတ်နေရေးအပေါ် အခြေခံ ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် အလုပ်ရှင်လည်း မထိခိုက်ရအောင် အစိုးရဘက်ကလည်း ဖြေလျှော့သင့်တာတွေ ဖြေလျှော့ဖို့လိုကြောင်း၊ အခွန်လျှော့ပေါ့ဖို့နဲ့ မြေငှးရမ်းခတွေကို သင့်လျော်တဲ့နှုန်းထားဖြစ်ဖို့ ကူညီဖို့ လိုအပ်ကြောင်း ဆွေးနွေးကြပါတယ်။

အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဦး သုံးဖလှယ်လုံး တင်ပြချက်တွေဟာ သူ့အကြောင်းပြချက်နဲ့သူ မှားတယ်လို့ မဆိုနိုင်ပါဘူး။ အလုပ်သမားဘက်က ကြည့်ရင်လည်း ၃၆၀၀ ဆိုတာ နည်းလွန်သလို အလုပ်ရှင်ဘက်ကလည်း မြေငှားခကြီးမြင့်မှုနဲ့ ထုတ်လုပ်စရိတ် မြင့်မားနေမှုကို ထောက်ပြပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၅၀၀၀ အထက်ဆိုရင် လုပ်ငန်းရပ်တည်ဖို့ ခက်ခဲတယ်လို့ ထောက်ပြတာပါ။ အစိုးရဘက်က ကြည့်တော့လည်း အစိုးရဝန်ထမ်းတယောက်ရဲ့ အနိမ့်ဆုံးလစာထက် ပိုပြီး အနည်းဆုံး သတ်မှတ်ပေးဖို့ အခက်အခဲ ရှိနေတယ်ဆိုတာလည်း မမှားပါဘူး။

ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ သတ်မှတ်ပါစေ၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကို မထိန်းချုပ်နိုင်ရင်တော့ ဒီလို အကျပ်အတည်းဟာလည်း ထပ်မံကြုံတွေ့ရမှာ ဖြစ်သလို အလုပ်သမားများအဖို့ကလည်း “စားပြီး သောက်ပြီး ခြေသလုံးကြီး” မြဲ ကြီးနေဦးမှာပဲ။

ခြင်ထောင်နဲ့ ဒန်အိုး တလှည့်စီ ပေါင်နှံရတဲ့ အကြွေးသံသရာ လည်မြဲလည်နေဦးမှာ ဖြစ်ပါကြောင်း။        ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013