DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာတဦးနှင့် ထိုင်းတဦး အလောင်းမှားယွင်းသင်္ဂြိုဟ်မှု ဖြစ်ပွား
DVB
·
December 19, 2017
ထိုင်းတွင် မြန်မာတဦးနှင့် ထိုင်းတဦး အလောင်းမှားယွင်းသင်္ဂြိုဟ်မှု ဖြစ်ပွား
Donate to DVB

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆီစကစ်ခရိုင်ထဲမှာ မြန်မာတဦးရဲ့ အလောင်းကို ထိုင်းလူမျိုးတဦး အမှတ်နဲ့ မှားယွင်းသင်္ဂြိုဟ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဆီစကစ်ခရိုင် နုန်းခွန်မြို့နယ် လောဝ်ကွမ်အုပ်စု ဘန့်လောဝ်ဖိုင့်ရွာက အသက် ၄၄ နှစ်ရွယ် နိုင်းဆာခွန်း ဆာချီဝ ဆိုသူမှာ ငါးဖမ်းလှေပေါ် တနှစ်ကျော် အလုပ်သွားလုပ်ပြီး  ဒီဇင်ဘာ ၁၈ ရက်က ရွာကို ပြန်ရောက်လာတဲ့အခါ ရွာသူရွာသားတွေရော၊ မိသားစုဝင်တွေပါ အားလုံး ထိတ်လန့်အံ့သြကုန်ပါတယ်။

နိုင်းဆာခွန်း ဆာချီဝဆိုသူမှာ ဘန်ကောက်ခရိုင် ဖာနထုန်နယ်မြေ ရာ့ခ်ျတမ်း နိန်းရပ်က နေအိမ်မှာ လွန်ခဲ့တဲ့ မေလ ၁၈ ရက်နေ့က အစာအိမ်ပိုးဝင်တဲ့ ရောဂါနဲ့ သေဆုံးသွားကြောင်း နန်းလိန်းနယ်မြေရဲစခန်းက အကြောင်းကြားလို့ ကျန်ရစ်သူမိသားစုက သူ့အလောင်းကို ကားခ ဘတ် ၁ သောင်းပေးပြီး အိမ်ပြန်သယ်ကာ ဈာပနလုပ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့ပြီးကာမှ မမျှော်လင့်ဘဲ အိမ်ပြန်ရောက်လာလို့ ထိတ်လန့်ကုန်တာ ဖြစ်ပါတယ်။

နိုင်းဆာခွန်းကတော့ သူဟာ ပင်လယ်ငါးဖမ်းလှေနဲ့ လိုက်သွားစဉ် မြန်မာလှေလုပ်သား တဦးက သူ့မှတ်ပုံတင်ကို လုယူသွားခဲ့ကြောင်း၊ သူက ပြန်တောင်းတာ မရလို့ နခွန်းဆီထမရတ် ခရိုင်အုပ်ချုပ်ရေးရုံးမှာ မှတ်ပုံတင်ပျောက်ကြောင်း အကြောင်းကြားထားပြီး ငါးဖမ်းလှေနဲ့  တစ်နှစ်နဲ့ နှစ်လကျော်ကြာလိုက်သွားကာ ယမန်နေ့မှ အိမ်ပြန်ရောက်တာလို့  ဆိုပါတယ်။

ဘန်ကောက်ကနေ အလောင်းသယ်ခဲ့ပေးသူမှာ နိုင်းဆာခွန်းရဲ့ ခဲအိုဖြစ်ပြီး နာဝါမင်ထရာ ထိရတ်ခ်ျဆေးရုံကနေ သယ်ခဲ့တာဖြစ်ကြောင်း၊ ဆေးရုံက လူနာသေဆုံးကြောင်း ဆေးစာရွက် ထုတ်ပေးခဲ့ပြီး အလောင်းကိုတော့ ရင်ဘတ်ထိပဲ ဖွင့်ပြခဲ့ကြောင်း၊ သူတို့က အလောင်းကို ဖွင့်ကြည့်ရာမှာ ကိုယ်ရော မျက်နှာပါ  ဖောရောင်နေပြီး ငေါထွက်နေတဲ့ အရှေ့သွားကတော့ နိုင်းဆာခွန်းရဲ့ သွားနဲ့ မတူလို့ အလောင်းကို ပြန်လည်စစ်ဆေးပေးဖို့ ပြောဆိုခဲ့သေးကြောင်း၊  ဒါပေမယ့် ရင်ခွဲရုံတာဝန်ရှိသူတွေက လူနာဟာ သေဆုံးတာ ရက်အနည်းငယ်ကြာရင် မျက်နှာ အနေအထား ပြောင်းတတ်တယ် ပြောလို့ သူတို့လည်း အိမ်ပြန်သယ်ပြီး မီးသင်္ဂြိုဟ်လိုက်တာလို့ ဆိုပါတယ်။

နိုင်းဆာခွန်းဟာ  မြို့နယ်မှတ်ပုံတင်ရုံးက သူ့ကို သေဆုံးသူ စာရင်းသွင်းပြီး အိမ်ထောင်စာရင်းကပါ ဖျက်ထားတဲ့အတွက်  နိုင်ငံသားတဦး ရပိုင်ခွင့်အနေနဲ့  အမျိုးသားမှတ်ပုံတင်ကတ်နဲ့ အိမ်ထောင်စုစာရင်း ပြန်လည်ရရှိဖို့  သက်ဆိုင်ရာ ဆွေမျိုးတွေနဲ့အတူ ဒီကနေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သွားရောက်လျှောက်ထားခဲ့ကြတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013