DVB Logo
Home
မြန်မာသတင်း
ပြည်ပ တရားမဝင် အသားတိုးဝက်များကြောင့် တပိုင်တနိုင် ဝက်မွေးသူများ အရှုံးပေါ်
DVB
·
December 19, 2017
ပြည်ပ တရားမဝင် အသားတိုးဝက်များကြောင့် တပိုင်တနိုင် ဝက်မွေးသူများ အရှုံးပေါ်
Donate to DVB

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ ထိုင်းနိုင်ငံက အသားတိုးဝက်တွေ တရားမဝင် ဝင်ရောက်နေတာကြောင့် ပြည်တွင်းက ဝက်တွေကို ကုန်သည်တွေအနေနဲ့ ဝယ်ယူမှုမရှိတော့ဘဲ  အရှုံးပေါ်နေတယ်လို့ တပိုင်တနိုင် ဝက်မွေးမြူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက တရားမဝင် မှောင်ခိုဝင်ရောက်လာတဲ့ ဝက်တွေဟာ ပြည်တွင်းက ဝက်တွေထက် အရည်အသွေးပိုကောင်းသလို ဈေးနှုန်းအနေနဲ့လည်း သက်သာတာကြောင့် ပြည်တွင်း ဝက်တွေ အဝယ်မလိုက်တော့ဘဲ ဖြစ်နေတာပါ။

အရင်နှစ်တွေက ပြည်တွင်းဝက်တကောင်ဟာ ကတ္တားအချိန် တရာကို ကျပ် ၄ သိန်း ၄ သောင်းအထက်မှာ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနှစ် ထိုင်းနိုင်ငံက ဝက်တွေ ဝင်ရောက်လာတာကြောင့် ပြည်တွင်းဝက်ဈေးနှုန်းဟာ ကတ္တားချိန် တရာကို ကျပ် ၃ သိန်း ဝန်းကျင် ဈေးပဲ ရတော့တယ်လို့ ဆိုပါတယ်။

တပိုင်တနိုင် ဝက်မွေးတဲ့ ကိုကျော်စွာဦးက “ဈေးကွက်က တော်တော်ပျက်သွားပြီ။ ထိုင်းက ဝင်လာတဲ့ ဝက်တွေကြောင့် ကျနော်တို့ တပိုင်တနိုင် မွေးမြူကြတဲ့ ဝက်တွေကို ဝက်ဒိုင်တွေက သိပ်မဝယ်တော့ဘူး။ စားသုံးသူက နည်းလာတော့ ဒိုင်တွေက မဝယ်ရဲတော့ဘူးလေ။ ဝက်တကောင်ရဲ့ ပြုစုနှုန်းက ၁ သိန်း ၂ သောင်းအထက်မှာ ရှိတယ်။ အခု ဝက်အစာဈေးကလည်း အရမ်းဈေးကြီးနေတယ်။ ဝက်ဆိုတာကလည်း သူ့ကြီးထွားနှုန်း ကုန်သွားရင် ထပ်မကြီးတော့ဘူးဆိုတော့ ထပ်ကျွေးနေလည်း အစာဖိုးစရိတ်ပဲ ကုန်တော့မယ်။ ရောင်းမယ် ဆိုပြန်တော့လည်း ဝယ်သူက မရှိဘူး။ အရမ်းအခက်အခဲ တွေ့ကြုံနေရတယ်”လို့ ပြောပါတယ်။

ပြည်ပက တရားမဝင် ဝင်ရောက်လာတဲ့ ဝက်တွေမှာ ရောဂါပိုးတွ ပါဝင်လာကြပြီး ဒေသတွင်းက ဝက်တွေဆီ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဒဏ်ကိုပါ ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ဝက်မွေးမြူသူတဦးဖြစ်တဲ့ ကိုအောင်နိုင်ဦးက “အရင်နှစ်တွေမှာ တနှစ်ကို တကြိမ်သာ ပြည်တွင်းဝက်တွေက ရောဂါဖြစ်ပွားမှု ရှိပေမယ့် ဒီနှစ်မှာ မကြားဖူးတဲ့ ရောဂါအဆန်းတွေ ဝက်တွေ ခံစားရတယ်။ ဒီနှစ်ဆို လေးကြိမ်လောက် ဝက်ရောဂါတွေ ကျရောက်တယ်။ ဆေးဝါးစရိတ်တွေ ပိုကုန်တယ်။ သေတော့လည်း ပိုဆုံးရှုံးရတယ်။ ဒါကြောင့် ဒါတွေကို သေချာစိစစ် အရေးယူစေချင်တယ်”လို့ပြောပါတယ်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစန်းဝေဖြိုးက “ဝင်လာမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ဘယ်လို ဖမ်းဆီးရမယ်၊ ဘယ်လို တားမြစ်ရမယ် ဆိုတဲ့ တိကျတဲ့ ညွှန်ကြားချက် မရှိသေးဘူး။ ဒါကြောင့် ကျနော်တို့ အဲလိုမျိုး ဝင်လာတဲ့ ဝက်တွေကို တွေ့ရင် စထွက်တဲ့မြို့ကနေ တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက် PC3 ယူလာဖို့ ပညာပေး ဆောင်ရွက်တာမျိုးပဲ ဆောင်ရွက်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

တရားမဝင် ဝက်တွေ ဝင်ရောက်လာမှုကို အချိန်မီ တားမြစ်နိုင်ခြင်း မရှိပါက တနိုင်ငံလုံးရှိ တပိုင်တနိုင် ဝက်မွေးမြူသူတွေ ထိခိုက်မှုတွေ ရှိလာနိုင်ပြီး ပြည်တွင်း ဝက်ဈေးကွက်တခုလုံးအထိ ဝက်ဈေးကွက်ပျက်မှာကို  ပြည်တွင်း ဝက်အရောင်းအဝယ် ကုန်သည်တွေက စိုးရိမ်နေပါ တယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013