DVB Logo
Home
မြန်မာသတင်း
ဘားအံ ကရင်နှစ်သစ်ကူးပွဲ သတင်းမီဒီယာသမားအချို့ သတင်းရယူခွင့် တားဆီးခံရ
DVB
·
December 19, 2017
ဘားအံ ကရင်နှစ်သစ်ကူးပွဲ သတင်းမီဒီယာသမားအချို့ သတင်းရယူခွင့် တားဆီးခံရ
Donate to DVB

ကရင်ပြည်နယ်  မြို့တော် ဘားအံမှာကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ ကောက်သစ်စားပွဲ အခမ်းအနားပြုလုပ်တဲ့နေရာကို လုံခြုံရေး အကြောင်းပြချက်နဲ့ သတင်းမီဒီယာသမားတချို့ ဝင်ရောက်သတင်းရယူခွင့် တားမြစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် မနက်က ဘားအံမြို့ ပြည်နယ်သီရိကွင်းမှာ အကြိမ် ၈၀ မြောက် ကျင်းပတာပါ။

ဒီပွဲတော်ကို သတင်းမီဒီယာသမားတွေက သတင်းမှတ်တမ်း ရယူဖို့အတွက် ဝင်ရောက်ရာမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးက တားမြစ်ခဲ့တာလို့ မော်လမြိုင်အခြေစိုက် ဟင်္သာဂျာနယ်(ဘားအံ) သတင်းထောက် ရာဟုကပြောပါတယ်။

“ဒီပြည်နယ်ရဲ့ သတင်းအချက်အလက်တွေကို ကျနော်တို့က ထုတ်ပြန်ချင်တာ။ အခမ်းအနား မှတ်တမ်းတွေကို ရိုက်ကူးချင်တာ။ ဒါတွေကို ကျနော်တို့အတွက် စနစ်တကျ စီစဉ်ပေးထားတာတွေကို မရှိဘူး။ ရင်ထိုးတံဆိပ် မပါလို့ရှိရင် ဒီအဝန်းအဝိုင်းထဲကို ဝင်ခွင့်မရဘူးဆိုပြီး ကျနော်တို့ကို တားမြစ်တယ်။ ခရိုင်အဆင့် ပြည်နယ်အဆင့် ရဲမှူးတွေကနေ တားမြစ်တယ်”လို့ ပြောပါတယ်။

မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက“မီဒီယာသမားတွေကိုလည်း ကျနော်တို့ အဲဒီလိုပဲ လုပ်ထားတာ။ တချို့မီဒီယာသမားတွေ ရသွားတယ်။ တချို့တွေ မရလိုက်ဘူး။ ဒီမနက်မှာ ကျနော်တို့လုပ်တာ ကော်မတီ ထပ်သွားတယ်။ အဲဒီကော်မတီက လုံခြုံရေးလည်း ပါတယ်။ လုံခြုံရေးတံဆိပ်ပေးတာလည်း ပါတယ်။ အဲဒီနှစ်ခု ထပ်သွားတော့ သူတို့အလုပ် လစ်ဟာသွားတယ်ဆိုတဲ့ သဘောပါ”လို့ ပြောပါတယ်။

ဘားအံမြို့၊ ဒေသခံ ကရင်​တိုင်းရင်းသား ဦးစောမျိုးနိုင်က “ကျနော်တို့က နှစ်သစ်ကူး ဆိုတာ ကျနော်တို့ရဲ့ ရိုးရာပွဲလေ။ ကျနော်တို့က နှစ်တိုင်း ဝင်တာ။ ဒီနှစ်ကျမှ မဝင်ရဘူးဆိုတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့။ ကရင်ပွဲ ကရင်မဝင်ရဘူးဆိုတော့ သိပ်တော့ သဘာဝမကျဘူးပေါ့။ သမ္မတကြီး ဦးသိန်းစိန် လာတုန်းက လက်ဆွဲနှုတ်ဆက်လို့ရတယ်။ အခုက ဝန်ကြီးအဆင့်ပဲ အကြီးဆုံးက။ ဒီဝန်ကြီးအဆင့် လာတာကို ဝင်လို့ မရဘူးဆိုတော့ သိပ်သဘာဝမကျဘူး”လို့ ပြောပါတယ်။

အဲဒီပွဲတော်ကို လာရောက်ခဲ့တဲ့ သတင်းမီဒီယာနဲ့ ဒေသခံ ကရင်တိုင်းရင်းသားတွေ ကောက်သစ်စားကွင်းအတွင်း ရင်ထိုးတံဆိပ် မပါတဲ့အတွက် လုံခြုံရေးအရလို့ ပြောဆိုပြီး ဝင်ရောက်ခွင့် တားမြစ်ခဲ့ပေမယ့် ရင်ထိုးတံဆိပ် မပါသူတချို့ ဝင်ရောက်တာကို ခွင့်ပြုတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ပြီး စွန့်လွှတ်မြေတွေကို မူလတောင်သူနဲ့ သက်ဆိုင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာလည်း အလားတူ ဒေသခံ သတင်းသမားတွေ တားမြစ်ခံခဲ့ရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013