
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဧပြီ ၆ ရက် နေ့လယ် ၁ နာရီနဲ့ ညနေ ၃ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်သွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၆ ရက် ညနေခင်း ၃ နာရီခွဲမှာ မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာမှာ လူထိခိုက်မှုမရှိဘူးလို့ ရွာသားတယောက်က ပြောပါတယ်။
“ပဒတ္တိုင်းရွာရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောတဲတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာ။ ဗုံးသီးက ၃ လုံး ကြဲချတာဗျ။ လူထိခိုက်မှုတော့ မရှိဘူး။”
ပဒတ္တိုင်းရွာကို စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံးသီးကြဲချသွားတာလို့ သိရပါတယ်။
အလားတူ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဧပြီ ၆ ရက် နေ့လယ် ၁ နာရီလောက်မှာ ဗုံးကြဲချသွားပါတယ်။
မိတ္ထီလာလေတပ်နဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၇ လုံး ကြဲချသွားတာလို့ တော်လှန်ရေးတပ်တွေထံက သိရပါတယ်။
ဒေသခံ စစ်ဘေးရှောင်တယောက်က “စစ်ဘေးရှောင်ပြည်သူတွေနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ပစ်သွားတာဗျ။ ဦးပဥ္စင်းတပါး ပျံလွန်သွားသလို အမျိုးသမီးတယောက်လည်း ဆေးရုံရောက်ပြီးမှ သေဆုံးတာလည်း ရှိတယ်။ သွေးထွက်လွန်ပြီး သေဆုံးရတာ။ ဒဏ်ရာရရှိသူတွေလည်း အများကြီး ရှိနေတယ်”လို့ ပြောပါတယ်။
ဆင်အင်းကျေးရွာကို ပြီးခဲ့တဲ့ဧပြီ ၄ ရက်ကလည်း အခုလို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။










