DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျော်ကြေးမယူသည့် လယ်သမားများဆန္ဒအတိုင်း ချန်ထားခဲ့မည်
DVB
·
December 18, 2017
ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျော်ကြေးမယူသည့် လယ်သမားများဆန္ဒအတိုင်း ချန်ထားခဲ့မည်
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်းမှာ မြေယာလျှော်ကြေး မယူလိုတဲ့ လယ်သမားတွေကို သူတို့ဆန္ဒအတိုင်း ချန်ထားခဲ့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေး-လှိုင်သာယာ ကားလမ်းအနောက်ခြမ်း ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်ရေးအတွက် ဒီဇင်ဘာ ၁၈ ရက်က တွံတေးမြို့နယ် ထင်းစုကျေးရွာ ရေကျော်ဘုန်းကြီးကျောင်းမှာ ဒေသဆိုင်ရာဆွေးနွေးတင်ပြမှု ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ တွံတေးမြို့နယ်အတွင်းက မြေဧက ၂၀၀၀ ကျော်မှာ မြို့သစ်စီမံကိန်း တည်ဆောက်ဖို့ စီစဉ်ထားပြီး အဲဒီအထဲက မြေဧက ၂၀၀ ကျော်ကို စီမံကိန်းစမ်းသပ်ကာလအဖြစ် လာမယ့်နှစ် ပွင့်လင်းရာသီမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီမြေတွေကို လယ်သမားတွေဆီက မြေသိမ်းဥပဒေအတိုင်း ရန်ကုန်တိုင်းအစိုးရက သိမ်းယူမှာဖြစ်ပြီး မြေ ၂၀ ရာခိုင်နှုန်းကို မူလပိုင်ရှင်တွေ လိုချင်တဲ့နေရာမှာ ပြန်လည်ချထားပေးမယ်လို့ ဆိုပါတယ်။

မြေသိမ်းတာနဲ့ပတ်သက်လို့ မြို့သစ်စီမံကိန်းကို ကန့်ကွက်နေတဲ့ လယ်ပိုင်ရှင်ရှေ့နေ ဦးရင်အောင်က သိမ်းဆည်းမြေတွေအပေါ် ပြည်ထောင်စုအဆင့်ကနေ ခွင့်ပြုမိန့်ကျ၊ မကျနဲ့ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုမှုနဲ့ပတ်သက်လို့ မြေယာ ၂၀ ရာခိုင်နှုန်း အလျော်ပေးတာကို ရန်ကုန်တိုင်း အစိုးရက စီမံခန့်ခွဲနေပြီး ပြည်ထောင်စုအဆင့်အထိ တင်ပြထားကြောင်း၊ လယ်သမားတွေအနေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းမှာ မြေယာလျော်ကြေး မယူလိုပါက ချန်ထားခဲ့မှာဖြစ်ပြီး အဲဒီလယ်ယာမြေကို အခြားမြေအဖြစ် သုံးစွဲဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ကျူးကျော်တွေ နေရာပြန်လည်ချထားပေးဖို့ လယ်မြေတွေကို သိမ်းယူပြီး ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးဖို့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ရန်ကုန်တိုင်း အစိုးရကနေ မြေသိမ်းအမှုတွဲ တင်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေ တွေ့ဆုံညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ထားပြီး လယ်သမားအချို့က ကန့်ကွက်ထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ ရန်ကုန်မြို့တော်ဝန် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ ဒေသခံ လယ်သမားတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013