DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ရုပ်ရှင်ကိုကျပ်သိန်း ၈၀၀၀ ကျော်ဖြင့် ရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်ညွန်ကြား
DVB
·
December 17, 2017
ဗိုလ်ချုပ်ရုပ်ရှင်ကိုကျပ်သိန်း ၈၀၀၀ ကျော်ဖြင့် ရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်ညွန်ကြား
Donate to DVB

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ကျပ်သိန်း ၈၃၀၀ နဲ့ ရအောင်ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက  မြန်မာ့သတင်းစဉ်နဲ့ တွေ့ဆုံမေးမြန်းရာမှာပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖြစ်မြောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက  “ရန်ပုံငွေက ကျပ်သိန်း ၈၃ဝဝ ကျော်ရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းလက်ထက် ဒုတိယကမ္ဘာစစ်တုန်းက ဇာတ်ဝင် ခန်းတွေ၊ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုခဲ့တဲ့ လန်ဒန်က ရိုက်ကွင်းတွေ၊ တခြားဆက်နွှယ်နေတဲ့ အိန္ဒိယက ရိုက်ကွင်းတွေ၊ စစ်ပညာသင်ကြားခဲ့တဲ့ ဂျပန်တို့၊ ဂျပန်က ကျွန်းတွေအထိ ရိုက်ကွင်းဆင်းမယ်ဆိုရင် သိန်းပေါင်း သောင်းချီကုန်ကျမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြတဲ့အခါ လောလောဆယ် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေပါတယ်။ သိန်း ၈၃ဝဝ နဲ့ပဲ ရအောင်ရိုက်ပါလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှုပေးပါတယ်။”လို့ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်လမ်းရိုက်ဖို့ သမိုင်းအထောက်အထား ခိုင်လုံဖို့လိုတယ်၊  သမိုင်းအထောက်အထား ခိုင်လုံဖို့အတွက် နိုင်ငံတော်အဆင့် ပြုစုထားတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိသမိုင်းစာအုပ်ကို အခြေခံပြီးမှ ရုပ်ရှင် ရိုက်ကူးသွားမယ်လို့လည်းပြောတယ်။

မြန်မာ့လွပ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူးရေးကိစ္စ အကောင်အထည်မဖော်နိုင်ဘဲနှစ်တွေနဲ့ချီပြီး ကြံ့ကြာနေတာဖြစ်ပါတယ်။  

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ လာမယ့် ဇန်န၀ါရီလမှာ စတင်ရိုက်ကူးပြီး ၂၀၁၉ နှစ်ကုန်ပိုင်း ဒီဇင်ဘာလလောက်မှာ  ပြသနိုင်အောင်ကြိုးပမ်းသွားမယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းရာမှာပြောပါတယ်။

“သိန်းသုံးသောင်းကုန်ကျမယ့် ဇာတ်ကားကို သိန်းရှစ်ထောင်ကျော်နဲ့ ရိုက်ကူးဖို့ တာဝန် ထပ်ပေးတယ်။ ဒီရုပ်ရှင်ကို ဖြစ်အောင်ရိုက်ရမယ်ဆိုတဲ့ စိတ်ကူးတစ်ခုတည်းနဲ့ တာဝန်ယူခဲ့တယ်။ ၂ဝ၁၈-၂ဝ၁၉ မှာ ဇာတ်ညွှန်းပြန်လည်ရေးသားခြင်းနဲ့ ရိုက်ကူးခြင်းကို လုပ်မယ်ဆိုပြီး တာဝန်ယူခဲ့တယ်။ အစိုးရအဖွဲ့ကနေ ဒီရုပ်ရှင် ရိုက်ကူးရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်လာ တယ်။ အများကြီး အထောက်အပံ့ပေးဖို့ဖြစ်လာတယ်။ ကိုယ့်ဘက် ကလည်း ပြင်ဆင်ပြီးသား အနေအထားဖြစ်နေပြီ။”

ရုပ်ရှင်ဇာတ်ကားအမည်ကို ''အောင်ဆန်း''လို့ အရင်စီစဉ်ထားတဲ့အတိုင်းပဲပေးထားပြီး  အဓိကသရုပ်ဆောင်တွေအဖြစ် ရွေးချယ်လေ့ကျင့်ပေးထားပြီးသားဖြစ်တဲ့  ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင် ကျော်ကျော်မျိုး၊  ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာမှာ ဇာခြည်လင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလူမင်းက “အကောင်းဆုံးရိုက်ကူးတင်ဆက်ပြီး ပြည်သူ လူထုရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်တဲ့၊ တပ်မတော်ရဲ့ ဖခင်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအကြောင်းကို အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ပြီးတော့ ပြည်သူလူထု ရှေ့မှောက်ကို အမြန်ဆုံးပြသနိုင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းပြီးတော့ ဆောင်ရွက် သွားကြမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို ရိုက်ကူး တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ဖော်ညွှန်းရာ ရောက်တယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသမိုင်းကြောင်း ကိုလည်း ဖော်ကျူးရာရောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားဖခင်ကြီးအကြောင်းကို အခုလို ဂုဏ်ပြုရိုက်ကူး တင်ဆက်တာ နောင်လာ နောက်သားတွေအတွက် မှတ်သား ဖွယ်ရာဖြစ်အောင် ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်။”လို့ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးဘုတ်အဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပေမယ့် ၅ နှစ်လောက်အထိ အကောင်အထည်ဖော် ရိုက်ကူးနိုင်ခြင်းမရှိဘဲကြန့်ကြာနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့  ၂ဝ၁၂ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့ကို ဖျက်သိမ်း လိုက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို  အစိုးရက နိုဝင်ဘာ၂၄ ရက်က ဖွဲ့စည်းတာဝန်ပေးခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013