DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ထွက်မြေပဲ တရုတ်အဝယ်ရပ်ထား
DVB
·
December 17, 2017
ကရင်ပြည်နယ်ထွက်မြေပဲ တရုတ်အဝယ်ရပ်ထား
Donate to DVB

 

ကရင်ပြည်နယ်မှာ စိုက်ပျိုးကြတဲ့ မြေပဲတွေကို တရုတ်အဝယ်ရပ်ထားတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီလို့ ကရင်ပြည်နယ် ကော့ကျိုက်ကျေးရွာက မြေပဲစိုက်ပျိုးနေတဲ့ တောင်သူတွေက ပြောပါတယ်။

မြေပဲကိုအဖြူနဲ့အနီဆိုပြီး နှစ်မျိုးစိုက်ပျိုးကြရာမှာ အနီမျိုးတွေမှာ အလုံးရေ ထွက်နည်းပြီး ဈေးကောင်းမရရှိတဲ့အတွက် အလုံးရေအထွက်များတဲ့ အဖြူမျိုးကိုသာ ကရင်ပြည်နယ်မှာ စိုက်ပျိုးမှု ပိုများပြားကြောင်း သိရပါတယ်။

ကရင်ပြည်နယ် ကော့ကျိုက်ကျေးရွာမှာ မြေပဲ ၂ ဧက စိုက်ပျိုးထားတဲ့ ဦးခွန်မြင့်ရွှေက “မြေပဲက ဟိုးအရင်က ဈေးကောင်းရတယ်။ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ ဈေးကောင်းမရတော့ဘူး။ အရင်တုန်းက တရုတ်ဘက်က ယူတယ်။ အခုမယူတော့ဘူး။ အရင်က မြေပဲ အဖြူတစ်ပြည်ကို ၄၀၀၀ ကျပ် အနီတစ်ပြည်ကို ၃၀၀၀ ကျပ် ရ ရှိခဲ့ပြီး လက်ရှိတွင် ယင်းဒေသထွက် မြေပဲများမှာ အဖြူတစ်ပြည်ကို ၃၀၀၀ ကျပ်နဲ့သာ ရောင်းချနေရတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် လုပ်သားရှားပါးမှုနဲ့ လုပ်သားဈေးတွေ မြင့်မားလာတဲ့အတွက် မြေပဲစိုက်ပျိုးရာမှာ အခက်ခဲတချို့ရှိနေကြောင်း သိရပါတယ်။

"မြေပဲနှုတ်တဲ့အချိန်ဆိုရင် အလုပ်သမားတွေခေါ်ရပြီ အလုပ်သမားတွေအတွက် နေ့စားခတွေက တစ်နေ့ကို ၁၀၀၀ လောက် တက်လာတယ်။ ၇ တောင် နဲ့ တစ်ထွာ ရှိတဲ့ မြေပဲတစ်တာကို အရင်က လုပ်သားခ ၁၂၀၀၀ အခုက ၁၅၀၀၀ တောင် တောင်းကြတယ်။ အခုက သူများသိပ်မလုပ်ချင်ကြတော့ဘူး။ သူတို့သားသမီးတွေကလည်း အပေါ်(ထိုင်းနိုင်ငံ) မှာပဲ သွားကြတော့ လုပ်မယ့်လူမရှိတာလည်းပါတယ်"လို့ ဦးခွန်မြင့်ရွှေက ပြောပါတယ်။

ကရင်ပြည်နယ်တွင် ဆောင်းရာသီမှာ မြေပဲစတင် စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးတဲ့ လေးလ အကြာတွင် မြေပဲခူးယူကာ ရောင်းချကြတာဖြစ်ပါတယ်။

ကော့ကျိုက်ကျေးရွာမှ မြေပဲစိုက်ပျိုးနေတဲ့ လုပ်သားတစ်ဦးက “ဝါးဆူးရွာမှာလည်း စိုက်တယ်။ ကော့ကျိုက်နဲ့ ထန်းပင်ကုန်းမှာလည်း စိုက်ကြတယ် တော်တော်များများစိုက်ကြတယ်။ အခက်ခဲက မိုးရွာရင် အခက်ခဲဖြစ်တယ်။ မြေစိုနေရင် စိုက်လို့မရတော့ဘူး။ ဆောင်းရာသီ တစ်ကျော့ပဲ စိုက်တယ်။ မြေပဲကို သီတင်းကျွတ်ဆိုရင် စိုက်လို့ရပြီ။ ဒီနှစ်က မိုးများတော့ တန်ဆောင်မုန်းလောက်မှ စစိုက်ရတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေသအမျိုးအစားအပေါ်မူတည်ပြီး မြေပဲစိုက်ပျိုးချိန် မတူညီဘဲ မိုးဦးစိုက် ပင်ထောင်/ ပင်ပြန့်စိုက်ဒေသတွေမှာ မေလဆန်းမှ ဇွန်လ ပထမအပတ်မှာ စိုက်ပျိုးပြီး မိုးနှောင်း သီးထပ်စိုက်ဒေသတွေအတွက် စက်တင်ဘာလဆန်းမှ အောက်တိုဘာလ ပထမအပတ်မှာ စိုက်ပျိုးကြပါတယ်။

ကိုင်းကျွန်းစိုက်ဒေသတွေမှာ အောက်တိုဘာလဆန်းမှ နိုဝင်ဘာပထမအပတ် မှာ စိုက်ပျိုးပြီး စပါးသီးထပ် ဆောင်းမြေပဲစိုက်ဒေသတွေမှာ နိုဝင်ဘာလ မှ ဒီဇင်ဘာ တတိယအပတ်တွေမှာ အသီးသီး စိုက်ပျိုးလေ့ရှိကြပါတယ်။

မြေပဲသီးနှံဟာ တစ်ဧကမှ ဆီထွက်ရှိမှု ပိဿာ ၁၀၀ နဲ့အထက် ရရှိနိုင်တဲ့ ဆီထွက်သီးနှံဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် အရေးပါသော သီးနှံတစ်ခုဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013