DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကိုလွှတ်ပေးရန် ကုလ၊ အီးယူ၊ ဗြိတိန်၊ အမေရိကန် တောင်းဆို
DVB
·
December 16, 2017
ရိုက်တာသတင်းထောက် ၂ ဦးကိုလွှတ်ပေးရန် ကုလ၊ အီးယူ၊ ဗြိတိန်၊ အမေရိကန် တောင်းဆို
Donate to DVB

 

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက် ၂ ယောက် အဖမ်းခံရတဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်က အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ လက္ခဏာ တရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့ လွတ်မြောက်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်ရမယ် ၊ ဒါဟာ နိုင်ငံတွင်းမှာ သတင်းလွတ်လပ်ခွင့်ရဲ့ စိုးရိမ်စရာအချက်တခုပါပဲလို့လည်းပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ချိန်အတွင်း လူ့အခွင့်အရေးကို သိသိသာသာ ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်ပေါင်း ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ကြရတဲ့ကိစ္စမှာလဲ သတင်းထောက်တွေကလဲ သူတို့တွေ့မြင်ခဲ့ တာတွေကို သတင်းပေးပို့ထားတာကြောင့် ခုသတင်းထောက် ၂ဦး အဖမ်းခံရတဲ့ကိစ္စဟာလဲ ဒါတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့လဲ ဆိုပါတယ်။

ဥရောပသမဂ္ဂ အီးယူပါလီမန် ဥက္ကဋ္ဌကလည်း  မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်ပြီး ရိုက်တာသတင်းထောက် ၂ ယောက်ကိုလွှတ်ပေးဖို့လဲ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ သူတို့ကို အမြန်ဆုံး လွှတ်ပေးမယ်လို့ မျှော်လင့်ပါကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို လေးစားသင့်ကြောင်း ဥက္ကဋ္ဌ အန်တိုနီယို တာဂျာနီက ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ အီးယူညီလာခံအတွင်းမှာ သတင်းထောက်တွေကို ပြောသွားတာပါ။

အီးယူဟာ မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ထားတဲ့အနေနဲ့ စစ်လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ရောင်းချခွင့် တားမြစ်ထားတာဖြစ်ပြီး မြန်မာစစ်တပ်အရာရှိတွေကို ဖိတ်ခေါ်မှု ရပ်ဆိုင်းထားပါတယ်။

သတင်းထောက်တွေ ဖမ်းဆီးခံထားရတဲ့ကိစ္စကို စောင့်ကြည့်နေပြီး သူတို့ရဲ့အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရေး အာမခံပေးဖို့ တောင်းဆိုပါကြောင်းနဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီတိုင်းရဲ့အခြေခံအုတ်မြစ် ဖြစ်တယ် လို့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အီးယူရဲ့မူဝါဒကိုလဲ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

အလားတူ ရိုက်တာသတင်းထောက် ၂ ယောက် အဖမ်းခံရတဲ့ကိစ္စအပေါ် ဗြိတိန်အစိုးရက အလွန်စိုးရိမ်ပူပန်ပါကြောင်း မြန်မာအစိုးရကို ပြောထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း ဒီဇင်ဘာလ ၁၄ ရက် နေ့ကပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကလည်း သတင်းထောက် ၂ ယောက်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဆွီဒင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေလည်း သတင်းသမားတွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီးရှုတ်ချထားပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦး၊ ရဲဝန်ထမ်း ၂ ဦးတို့ကိုဖမ်းဆီးထားပြီး  ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူထားတာဖြစ်ပါတယ်။  ဒီဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ် စတီဖင်ဂျေအဒ်လာကတော့ “ကျနော်တို့ဟာ သတင်းလွတ်လပ်ခွင့်မှာ ဗြောင်ကျကျ တိုက်ခိုက်ခံရတာပါ။ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

အစိုးရ ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်ထဲမှာတော့ လက်ထိပ်ခတ် ခံထားရတဲ့ သတင်းထောက် ၂ ယောက်ရဲ့ ဓာတ်ပုံနဲ့အတူ အဲဒီသတင်းထောက်တွေဟာ အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပမီဒီယာတွေကို ပေးပို့လိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းအချက်အလက်တွေကို တရားမဝင် ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013