DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကိစ္စ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန်လို
DVB
·
December 15, 2017
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကိစ္စ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန်လို
Donate to DVB

ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံ စီမံကိန်းကို ကမ္ဘာစံချိန်စံညွှန်းအတိုင်း ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း တင်ပြမှသာ သုံးပန်လှဖြစ်နိုင်မယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပတဲ့ မြန်မာအစိမ်းရောင်ကွန်ရက် ၆ ကြိမ်မြောက် တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောလိုက်တာပါ။

ဒေါ်ဒေဝီသန့်စင်က “အဓိကက ဒေသခံတွေပါ။ သူတို့ဒေသရဲ့ ရေ မြေတွေ၊ တောတောင်တွေ၊ စားဝတ်နေရေးတွေ မပျက်စီးဖို့ သူတို့ရဲ့ဘဝတွေ လုံခြုံမှုရှိဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ကျမတို့ ကမ္ဘာ့စံချိန်စံညွှန်းအတိုင်း ပထမဆုံးလုပ်မယ့် စီမံကိန်းကြီးကို ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြမယ်၊ ညှိနှိုင်းမယ်ဆိုရင် သုံးပန်လှ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ပြည်​သူ​တွေ​​ရွေးကောက်​ တင်မြှောက်ထားတဲ့ အစိုးရဖြစ်​တဲ့အတွက် ​ဒေသခံ​တွေရဲ့အသံ၊ ပြည်​​သူ​တွေရဲ့အသံကို နား​ထောင်​ရမယ်​လို့ ဘားအံမြို့ေ​ဒသခံ ​ဒေါ်နန်းသန္တာ​အေးက ​ပြောပါတယ်​။

“ဒါက ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရဆိုတော့ ပြည်သူ့အသံလည်း နားထောင်ရမယ်။ လျှပ်စစ်လိုအပ်ချက်ကျတော့ ကျမတို့က ဒီစက်ရုံကို ထောက်ခံပေမယ့် ဒေသခံတွေရဲ့အသံ၊ ဒေသခံတွေကို ဘယ်လိုပြောရမလဲဆိုရင် သေသေချာချာ အချိန်ပေးပြီး သူတို့ကို နည်းနည်းများ ပြောပြလို့ရမလားပေါ့။ သူတို့ သေချာနားလည် သဘောပေါက်အောင်ပေါ့။”

အဲဒီတွေ့ဆုံပွဲကို ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ကမ္ဘာ့စွမ်းအင်နှင့် မြန်မာ မိတ်ဆက်ခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်၏ ဆိုးကျိုးများ ဆိုရာဝယ်၊ ကျောက်မီးသွေးဆိုင်ရာ ဥပဒေ(မူကြမ်း)၊ စွမ်းအင်နှင့် ရေကာတာဆိုင်ရာ၊ ကမ္ဘာ့စွမ်းအင်လမ်းစဉ်၊ စွမ်းအင်ဆိုင်ရာနှင့် ဆက်စပ်ပြီး ဒေသတွင်းအခြေအနေတွေကို ပညာရှင်တွေက အသိပညာပေး ဟောပြောပြီး တိုင်းနဲ့ပြည်​နယ်​မှ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက မိမိတို့ဒေသတွင်း အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲကို တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ဖို့၊ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာမျှဝေပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ။

ကရင်ပြည်နယ်ရဲ့ လျှပ်စစ်လိုအပ်ချက်အရ နောက်ဆုံးပေါ် USC (Ultra Super Critical) ဂျပန်နည်းပညာနဲ့ မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၈ ခုနှစ်မှာ တိုယိုထိုင်း ကုမ္ပဏီ (TTCL) က အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဂျပန်နည်းပညာရှင်တွေက ဘားအံမြို့နယ်၊ ဝတ်ကြီး၊ ထုံးတောင်၊ သုံးအိမ်ကျေးရွာအနီး တည်ဆောက်သွားမယ့်အပေါ် ပညာရှင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013