DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ကလေးတဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု ဖြစ်ပွား
DVB
·
December 15, 2017
တောင်တွင်းကြီးတွင် ကလေးတဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှု ဖြစ်ပွား
Donate to DVB

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဆဋ္ဌမတန်းကျောင်းသူတဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးကို ကလေးမိခင်က အမှုဖွင့်ပါတယ်။

တောင်ပြင် ၁ ရပ်ကွက်၊ အထက ၁ အလယ်တန်းပြဆရာမ ဒေါ်ရီရီမြင့်က အဲဒီကျောင်းသူကို ဈေးရောင်းခုံတလုံး အိမ်ပြန်ပို့ခိုင်းလို့ သွားပို့စဉ် အိမ်မှာရှိနေတဲ့ ဆရာမရဲ့ ခင်ပွန်းသည် ၅၃ နှစ်အရွယ် ဦးမောင်မောင်ကျော်က သားမယားပြုကျင့်ဖို့ ကြိုးစားတာလို့ ကလေးရဲ့မိခင် (အမည်မဖော်) က ရဲစခန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုင်တန်းပါတယ်။

တောင်တွင်းကြီးရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးသိန်းထွန်းက "ဖြစ်စဉ်အကျဉ်းကတော့ ခြောက်တန်းကျောင်းသူလေးကို ၈ ရက်နေ့မှာ သူ့ဆရာမက ဈေးရောင်းတဲ့ခုံလေးကို သူ့အိမ်ပို့ခိုင်းတယ်။ ပို့ခိုင်းတော့ သူ့ရဲ့အမျိုးသားက အိမ်မှာရှိနေတဲ့အခါကျတော့ ကောင်မလေးကို ဧည့်ခန်းကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူ့ကို မုန့်ဖိုးပေးမယ်၊ လာ အိမ်ပေါ်တက်ခဲ့ဆိုတော့ ကောင်မလေးကလည်း မုန့်ဖိုးပေးမယ်ဆိုတော့ အိမ်ပေါ်တက်သွားတယ်။ တက်သွားတော့ ဦးမောင်မောင်ကျော်က အိမ်မကြီးကို တံခါးပိတ်လိုက်တယ်။ ပိတ်လိုက်တော့ ကောင်မလေးကို လာ ငါနဲ့အတူနေရအောင်ဆိုပြီးတော့ ကောင်မလေးရဲ့ထဘီကို အတင်းဆွဲချွတ်တယ်။ ကောင်မလေးက လက်မခံဘူး။ ကောင်မလေးက ထဘီပြန်ဆွဲတယ်ပေါ့။ ဆွဲပြီးတဲ့အခါကျမှ ပိတ်ထားတဲ့တံခါးကို တွန်းကန်ပြီးတော့ ထွက်ပြေးတယ်။ သူထွက်ပြေးလာတာကို သူ့ရဲ့ ကျောင်းဆရာမတဦးက မြင်လိုက်တယ်။ ဆရာမက ကောင်မလေး နင်ဘာဖြစ်လာတာလဲဆိုပြီး ကောင်မလေးကို ချော့မေးတယ်။ ဒီလိုဒီလိုဖြစ်တယ်၊ ဆရာမယောက်ျားက သူ့ကို ထဘီကို အတင်းဆွဲချွတ်တယ်ပေါ့၊ သမီးလည်း ကြောက်လန့်ပြီးတော့ ပြန်ထွက်ပြေးလာတယ်။ အဲဒီသတင်းကို ဆရာမက ကျောင်းအုပ်ဆရာမကြီးကို သတင်းပို့တယ်လို့ ပြောပါတယ်။

"ကျောင်းအုပ်ဆရာမကြီးကို သတင်းပို့လိုက်တော့ သူတို့ ကောင်မလေးကို ခေါ်မေးတယ်။ ခေါ်မေးတော့ ဟုတ်တယ်၊ ဆရာမယောက်ျားက ကျမကို အတင်းအဓမ္မ ထဘီဆွဲချွတ်တယ်။ သမီးက လက်မခံဘဲ ထမီကိုပြန်ဝတ်ပြီးတော့ အတင်းထွက်ပြေးလာရတယ်ပေါ့။ သူထွက်လာတာကိုလည်း ဒီဆရာမ မြင်ပါတယ်ပေါ့။ အကျိုးအကြောင်းပြောပြတယ်။ ဆရာကနေပြီးတော့ သူ့ရဲ့ဆရာမတွေရော၊ အတန်းပိုင်ဆရာမရော၊ ဒီကလေးရော ခေါ်ပြီးတော့မှ ဒီဖြစ်စဉ်ကို မေးမြန်းတော့ ကောင်မလေးက ဟုတ်တယ်ဆိုတာလည်း ဝန်ခံတယ်။ ဆရာမရဲ့အမျိုးသား ဦးမောင်မောင်ကျော်ကလည်း ဝန်ခံတယ်လို့တော့ ပြောတယ်။ သူတို့ ကျောင်းအကျိုးတော်ဆောင်နဲ့ ညှိနှိုင်းပြီး ကောင်မလေးမိဘတွေနဲ့ ခေါ်တွေ့တယ်။ ဒီဟာနဲ့ပတ်သက်ပြီး အမှုဖွင့်မလား မေးတော့ ကလေးမိဘက ဒီဟာနဲ့ပတ်သက်ပြီးတော့ ရှက်တာပဲသိတယ်၊ အမှုမဖွင့်ဘူး။ ဖြစ်တာက ၈ ရက်နေ့ကဖြစ်တာ၊ အမှုမဖွင့်ဘဲ ကျမတို့ ဒီမှာ ကျောင်းဆက်မတက်ချင်တော့ဘူး၊ ရွာမှာပဲတက်မယ်ပြောတယ်။ ဒါနဲ့ ကျောင်းတနှစ်နားမလားဆိုတော့ နားလိုက်ပါမယ်ဆိုပြီးတော့ မိဘတွေခွင့်ပြုချက်နဲ့ ကျောင်းတနှစ်နားလိုက်တယ်။ ကျနော် အခု စုံစမ်းသိရသလောက်က ကောင်မလေးက --- ရွာမှာ ပညာဆက်လက်သင်ကြားနေတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ဒီသတင်းက တဖြည်းဖြည်းကျယ်ပြန့်လာပြီး ကျနော်တို့က ၁၂ ရက်နေ့မှသိတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းကိုသွားရောက်ပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ဆုံခဲ့သလို ကလေးမိဘနဲ့ ဆက်လက်တွေ့ဆုံပြီးနောက် အမှုဖွင့်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တောင်တွင်းကြီးရဲစခန်း စခန်းမှူး ဒု-ရဲမှူးသိန်းထွန်းက "ဆရာမကြီး ပြောတာက ဖြစ်စဉ်က မှန်တယ်၊ ဟုတ်တယ်။ ဒါပေမယ့် ဒီဟာနဲ့ပတ်သက်ပြီးတော့ ကာယကံရှင်ဘက်က အမှုမဖွင့်ဖို့ ခါးခါးသီးသီးငြင်းတယ်။ အမှုမဖွင့်ဘူးပြောလို့ ကျောင်းတနှစ်နားပြီး သူ့ရွာမှာ ကျောင်းနေဖို့ ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ ဒါကြီးကို မိဘနဲ့ခေါ်တွေ့ပြီး ကျနော်တို့ ဆက်လက်ဆောင်ရွက်ပါ့မယ်လို့ ပြောလိုက်တယ်" လို့ ပြောပါတယ်။

ကလေးမိဘကို ရဲတပ်ဖွဲ့က ချိတ်ဆက်မေးမြန်းခဲ့ပြီး အမှုဖွင့်ဖို့ တိုက်တွန်းရာမှာတော့ ကလေးမိဘက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

"ခင်ဗျားတို့နစ်နာနေတာ၊ ကျောင်းသူလည်းဖြစ်တယ်။ ကလေးရဲ့ ကျောင်းပညာရေးလည်း အနှောင့်အယှက် ဖြစ်သွားတယ်။ ကလေးက စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်သွားတဲ့အတွက် အမတို့အနေနဲ့ အမှုဖွင့်မလား၊ မဖွင့်လား ကျနော်တို့က အတင်းကြီးလည်း မတိုက်တွန်းပါဘူး။ အမတို့အနေနဲ့ ဖြစ်နိုင်ရင်တော့ ဖွင့်စေချင်ပါတယ်လို့ပြောတော့ သူ့ရဲ့အမေလည်း သဘောပေါက်သွားပြီးတော့ ဖွင့်တယ်။ ဖွင့်တဲ့ရက်ကတော့ ၁၂ ရက်နေ့။ အမှုဖွင့်ပြီးတဲ့နောက် ကလေးကို တောင်တွင်းကြီးဆေးရုံ ပို့ပြီးတော့ ဆေးစစ်ချက်တွေလုပ်ပါတယ်။ နောက်တနေ့ ၁၃ ရက်နေ့မှာ အခင်းဖြစ်စဉ်က ဝတ်ခဲ့တဲ့အ၀တ်အစားတွေ သိမ်းဆည်းပါတယ်။"

ဦးမောင်မောင်ကျော်ကတော့ သူ့ဇနီး ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ပြီးနောက် စကားများပြီး အိမ်မှထွက်သွားတယ်လို့ စုံစမ်းတွေ့ရှိရကြောင်း စခန်းမှူးက ဆက်ပြောပါတယ်။

ဒီဗွီဘီက သီးခြားမေးမြန်းမှုတွေမှာတော့ အခင်းဖြစ်တဲ့နေ့ဟာ ဒီဇင်ဘာ ၅ ရက်နေ့ အင်္ဂါနေ့ဖြစ်ပြီး သုံးရက်အကြာမှာ ကျောင်းအုပ်ဆရာမကြီးက ကလေးမိခင်ကို ခေါ်ယူပြီး ကလေးကို မေးမြန်းခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မျက်မြင်တဦးက "၅-၁၂-၂၀၁၇ အင်္ဂါနေ့ ထမင်းစားကျောင်းတက်ခါနီးအချိန် ကျမက ဒီကလေးမလေး အဲ့ဒီအိမ်ထဲ ဝင်သွားတာကို မြင်လိုက်တယ်။ ပြီးတော့ ကျောင်းတက်ပြီး ၁၀ မိနစ်လောက်ကြာမှ အဲ့အိမ်ထဲက ထွက်လာတာမြင်တယ်။ ထွက်ပြေးလာတာတော့ မဟုတ်ဘူး။ ဦးမောင်မောင်ကျော်က အိမ်ရှေ့ခြံတံခါးဝအထိ လိုက်ပို့ပြီး ဒီဘက် မလွယ်ပေါက်လေးကနေ ကျောင်းထဲကိုဝင်ဖို့ပြောတာ ကြားရတယ်။ အဲ့မှာတင် သိပ်မသင်္ကာလို့ ကျမနဲ့ရင်းနှီးတဲ့ ဒီကျောင်းမှာ ၈ တန်းစာပြနေတဲ့ ဆရာမတဦးကို အကြောင်းစုံပြောပြပြီး ကျောင်းသူလေးတွေကို ထိန်းထိန်းသိမ်းသိမ်း ထားနိုင်အောင် အသိပေး ပြောကြားခဲ့တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်ကို ကျောင်းဘက်က အကြောင်းကြားခြင်းမရှိဘဲ အရပ်ထဲ လူပြောသူပြောများလာမှ သိရတာလို့ တောင်ပြင် ၁ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူ တဦးကလည်း ပြောပါတယ်။

သူက "သိသိချင်းပဲ ကျနော့်အနေနဲ့ ချက်ချင်း မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ဖုန်းဆက်အကြောင်းကြား အသိပေးခဲ့ပါတယ်။ ဖုန်းဆက်အကြောင်းကြားပြီး သိပ်မကြာဘူး၊ မြို့မရဲစခန်းက စခန်းမှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖုန်းဆက်လှမ်းခေါ်လို့ ကျနော်လိုက်သွားခဲ့တယ်။ အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်ဆီကို၊ ဟိုရောက်တော့ တာဝန်ရှိသူတွေက မေးမြန်းကြတယ်၊ ဆရာမကြီးအနေနဲ့ အခုပြဿနာကို စဖြစ်ဖြစ်ချင်း ဘာလို့ မြို့နယ်သက်ဆိုင်ရာတွေကို အကြောင်းမကြားရတာလဲ၊ ဆရာမကြီးအနေနဲ့

ကျောင်းသားချင်း ရန်ဖြစ်ကြသလို၊ ဘော်ဒါမှာနေတဲ့ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြတဲ့ ကိစ္စမျိုးဆို ကျနော်တို့ကို အကြောင်းကြားခဲ့ပြီး အခုလို ပြဿနာမျိုးကြတော့ ဘာဖြစ်လို့ ချက်ချင်းအကြောင်းမကြားရတာလဲ" လို့ ပြောပါတယ်။

တောင်ပြင် ၁ ရပ်ကွက် ရပ်မိရပ်ဖတဦးကလည်း ကျောင်းအာဏာပိုင်တွေဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အချိန်မီ အကြောင်းကြားသင့်တယ်လို့ ဝေဖန်ပါတယ်။

"တကယ်တမ်း ဒီကိစ္စဟာ ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ ထပ်ပြီးဆိုးတာက ဖြစ်တဲ့ကျောင်းသူလေးကို အခုနှစ် စာသင်နှစ် ၁ နှစ် နားခိုင်းသလိုနဲ့ ကျောင်းက ထုတ်ပယ်လိုက်တာရယ်၊ နောက် ဖြစ်ဖြစ်ချင်း အသိပေးသင့်၊ အကြောင်းကြားသင့်တာကို အသိမပေး၊ အကြောင်းမကြားခဲ့တော့ ပြစ်မှုကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်ရသွားတာပေါ့" လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013