DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ်သားများကို သမ္မတ ချီးကျူး
DVB
·
December 15, 2017
သဘာဝဘေးကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ်သားများကို သမ္မတ ချီးကျူး
Donate to DVB

ကြိမ်ဖန်များစွာ သဘာဝဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ကြတဲ့ ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အရှုံးမပေးတဲ့ ဇွဲသတ္တိတွေကို အထူးပဲ ဂုဏ်ယူမိတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ချီးကျူးပြောကြားလိုက်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် ကျရောက်တဲ့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြည်နယ်အနာဂတ် လုံခြုံအေးချမ်း ခေတ်မီ တိုးတက်သာယာလှပဖို့အတွက် ပြည်နယ်သားတွေရဲ့ စုပေါင်းညီညွတ်တဲ့ အင်အားနဲ့ ကြိုးပမ်း တည်ဆောက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

အစိုးရအနေနဲ့ နိုင်ငံ့တာဝန်ယူပြီးနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးအတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီ ၄ ရပ် ဖွဲ့စည်းခဲ့တယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊၊ မောင်တောဒေသ ကညင်ချောင်းစီးပွားရေးဇုန်၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း အလေးပေး ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတရဲ့ သဝဏ်လွှာမှာ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဖွဲ့စည်း လုပ်ဆောင်နေတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

အလားတူ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အသီးသီးကလည်း ရခိုင်ပြည်နယ် အရေးကို  ပြည်ထောင်စုရဲ့  အရေးကိစ္စလို့ မှတ်ယူပြီး  ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရခိုင်ပြည်နယ်အဖြစ် ပြဋ္ဌာန်းပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲ စတင်ကျင်းပတဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှစလို့  နှစ်စဉ်ကျင်းပခဲ့တာ ဒီနေ့မှာ ၄၃ ကြိမ်မြောက်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013