DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ ခိုင်မာမှုအပေါ် စမ်းသပ်ချက်ဖြစ်မည်
DVB
·
December 14, 2017
၂၀၂၀ ရွေးကောက်ပွဲ မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ ခိုင်မာမှုအပေါ် စမ်းသပ်ချက်ဖြစ်မည်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေရဲ့ ခိုင်မာတောင့်တင်း အားကောင်းမှုအပေါ် အရေးကြီးတဲ့ စမ်းသပ်ချက်တခု ဖြစ်လိမ့်မယ်လို့  ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် ဂျက်ဖရီဖဲ့လ်မန်းက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာအရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာဌာနအကြီးအကဲ လက်ထောက်အတွင်းရေးမှူးချုပ်အနေနဲ့  ပြောသွား တာဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်ခန့်အပ်ဖို့ တောင်းခံထားတဲ့ ကိစ္စ အထွေထွေညီလာခံက သဘောတူလိမ့်မယ်လို့ မျှော်လင့်တယ်၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ချင်တယ်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အပြည့်အဝ လေးစားကာ မြန်မာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူပူးပေါင်း လုပ်ဆောင်လိုတယ်လို့လည်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိ ဂျက်ဖရီဖဲ့လ်မန်းက ပြောပါတယ်။  

မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေရဲ့ အခြေအနေကတော့ အားကောင်းမှု မရှိသေးဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဒီဗွီဘီကို ပြောပါတယ်။

“အားကောင်းတယ်လို့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ်ဘာ့သာကိုယ် ရှင်သန်ခွင့်ရအောင် လုပ်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထား မရှိဘူး။ အဲဒီအခြေအနေက တော်တော်အားနည်းတယ်လို့ ပြောချင်တယ်။ အဲဒီအောက်မှာ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် အားကောင်းမောင်းသန်ဖြစ်လာဖို့ ခက်တယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေကို အားပေးတဲ့သဏ္ဌာန် သိပ်မတွေ့ရဘူး။ နိုင်ငံရေးပါတီတွေ ရှင်သန်ဖွံ့ဖြိုးအောင် လုပ်တဲ့ လုပ်ဟန်တွေလည်း ခုချိန်ထိ ကျနော်တော့ သေချာမတွေ့ရသေးဘူး။”  

လက်ရှိတိုင်းပြည်ကို ဦးဆောင်တည်ဆောက်နေသူတွေအနေနဲ့ ဒီမိုကရက်တစ် ဝန်းကျင်အနေအထားကို ချဲ့ရမယ်၊ ဒီမိုကရက်တစ်ဝန်းကျင်ကို အားကောင်းအောင်လုပ်ဖို့ လိုတယ်ဆိုတဲ့ အမြင်မျိုး ရှိဖို့လိုတယ်လို့လည်း ဆိုပါတယ်။

မစ္စတာဂျက်ဖရီဖဲ့လ်မန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ မြန်မာနဲ့ ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်း ဆောင်ရွက်မယ့် နည်းလမ်းတွေရှာဖို့နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး အောင်မြင်အောင် ကြိုးပမ်းမှုဟာ အသွင်ကူးပြောင်းရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်၊ လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့စလုံးက ၂၀၁၅ အောက်တိုဘာ အန်စီအေသဘောတူညီချက်ကို တည်တံ့အောင် ထိန်းထားနိုင်ကြောင်း ပြသခဲ့ကြတယ်။ ဒါပေမယ့် အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လက်မှတ်မထိုးသေးဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှေးကွေးနေတယ်လို့လည်း   ဂျက်ဖရီဖဲ့လ်မန်းက ပြောပါတယ်။

ဓာတ်ပုံ- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013