DVB Logo
Home
မြန်မာသတင်း
ကရင်​ပြည်​နယ်​​တွင်​ ကလေးများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ပေးရန်​ ပြင်ဆင်
DVB
·
December 14, 2017
ကရင်​ပြည်​နယ်​​တွင်​ ကလေးများအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ပေးရန်​ ပြင်ဆင်
1 / 3
Donate to DVB

ပြည်ပကနေ ပြန်လည်ဝင်ရောက်လာမယ့် ကလေးသူငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေးအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာတွေပညာတွေ သင်ကြားပေးဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်မှာ ပြုလုပ်တဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်ကာကွယ်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှုဆိုင်ရာ သင်ယူခြင်းနဲ့ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒုညွန်ကြားရေးမှူး ဦးဇော်မင်းက “နိုင်ငံတော်ကနေ ကာကွယ်စောင့်ရှောက်ပေးရမယ့် အစီအမံတွေက ရှိပြီးသားပါ။ အဲဒီကလေးတွေ ပြန်ရောက်လာလို့ရှိရင် သူတို့ကို ပညာရေး၊ ကျန်းမာရေး ပြီးရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာတွေကို ကျနော်တို့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု အနေအထားလေးတွေ ရှိပြီးသား ဖြစ်တယ်” လို့ ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ ကလေးသူငယ်တွေကို ဘယ်လို ပုံစံမျိုး ပြန်လည် ဝင်ရောက်လာသလဲဆိုတာ ခွဲခြားကြည့်ပြီးမှ သင့်တော်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ပေးရမယ်လို့ ရန်ကုန် ကရင်နှစ်ခြင်းအမျိုးသမီးအဖွဲ့၊ မြို့နယ် ဆက်ဆံရေးတာဝန်ခံ နန်းဒေစီသင်းက ပြောပါတယ်။

“ပြန်လည်ဝင်ရောက်လာတဲ့အပေါ်မှာ ဘယ်လိုမျိုး ပြန်လည် ရောက်လာသလဲဆိုတာကို ကျမတို့ ကြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပြန်လာတဲ့အခါမှာ သူတို့ရဲ့မိဘ ဆွေမျိုးတွေ ရှိနေလား။ မရှိနေဘူးလား။ တချို့က ပြန်လာတယ်။ ဒီနေရာမှာ မိဘ ဆွေမျိုးတွေ ရှိနေလိမ့်မယ်။ ရပ်ရွာ အသိုင်းအဝိုင်းပေါ့နော်။ တချို့တွေကတော့ ရှိနေမှာ မဟုတ်ဘူး။ အဲဒီခါကျတော့ အဲဒီအပေါ်မှာပဲ ကျမတို့က ခွဲခြားပြီးတော့မှ သင့်တော်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်သွားရမယ်”လို့ ပြောပါတယ်။

ကလေးသူငယ်တွေအတွက် သက်သေအထောက်အထား ပါလာရင် မွေးစာရင်း ထုတ်ပေးရာမှာ ဖြေလျှော့ပြီး ပြုလုပ်ပေးဖို့ စီမံချက်တွေ၊ ညွှန်ကြားချက်တွေ၊ လမ်းညွှန်မှုတွေ ပြုလုပ်ထားပေမယ့် မွေးစာရင်းရရှိဖို့ ဆောင်ရွက်ရာမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ စီမံချက်ညှိနှိုင်းရေးမှူး နော်မဒေါးနားဒေညားက ပြောပါတယ်။

“လောလောဆယ် အခက်အခဲကတော့ ကျန်းမာရေးဘက်က ဆရာ၊ ဆရာမတွေအနေနဲ့ ရှင်းလင်းတဲ့ လမ်းညွန်လေးတခုပေါ်မှာ မူတည်ပြီးတော့မှ ဆောင်ရွက်ဖို့ရှိတယ်။ အဲဒီမှာ နည်းနည်းလေး အချိန်ယူနေရတာလေးတော့ ရှိတယ်။ ဒါပေမယ့် တခု အခက်အခဲရှိတာကတော့ ၁၀ နှစ်အောက်၊ ၅ နှစ်အောက်တွေ အကုန်ပါလာပြီဆိုတော့ ကျန်းမာရေးဌာနက  မွေးစာရင်း ပြန်ထုတ်ပေးဖို့အတွက် ဒီဆေးရုံတွေမှာ စာရွက်စာတမ်းဆိုင်ရာ နည်းနည်းပါးပါး လိုအပ်တာလေးတွေ ရှိတယ်။”

အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ပိုမိုနားလည်ပြီး ကရင်ပြည်နယ်အတွင်းက ကလေးသူငယ် ဖြစ်ရပ်စီမံခန့်ခွဲမှုတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်စေဖို့၊ ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေမှာ လက်လှမ်းမီမှုအတွက် အစိုးရ အဖွဲ့အစည်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

ကလေးသူငယ်တွေအပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ ဥပဒေ နည်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲနေတာ နောက်ဆုံး အဆင့် ရောက်ရှိနေပြီလို့ သိရပါတယ်။

ကရင်​ပြည်​နယ်​မှာ က​လေးသူငယ်​​တွေ က​လေးသူငယ်​အခွင့်အ​ရေး​တွေ ချိုး​ဖောက်​ခံရမှု​တွေ ရှိသလို က​လေးသူငယ်​​တွေ ပါဝင်​တဲ့ ပြစ်​မှု​တွေလည်း ရှိ​နေ​ပါတယ်​။

၂၀၁၅ ခုနှစ်ကနေ ယနေ့အချိန်ထိ ကလေးသူငယ်တွေ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေအနေနဲ့က ဘားအံမြို့နယ်မှာ ၅၅ မှု၊ ကော့ကရိတ်မြို့နယ်မှာ ၉ မှု၊ မြဝတီမြို့နယ်မှာ ၅၂ မှု၊ စုစုပေါင်း ၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အသက်အရွယ်အားဖြင့် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြား အဖြစ်များပြီး မူးယစ်ဆေးဝါးမှုက အများဆုံး ဖြစ်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013