DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံ ရွှေဆိုင်တန်းတခုတွင်း ဖောက်ထွင်းခိုးယူမှုဖြစ်
DVB
·
December 13, 2017
မလေးရှားနိုင်ငံ ရွှေဆိုင်တန်းတခုတွင်း ဖောက်ထွင်းခိုးယူမှုဖြစ်
Donate to DVB

မလေးရှားနိုင်ငံမှာ ရွှေဆိုင်တန်းတခုတွင်း လူ ၄ ဦးက ခိုးဝင်ကာ မလေးရှားရင်းဂစ်ငွေ ၁၅၀၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ ဖောက်ထွင်း ယူဆောင်သွားခဲ့ကြတယ်လို့ ရဲတွေက သတင်းထုတ်ပြန်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က မလေးရှားနိုင်ငံ နီလိုင်မြို့၊ ဟိုက်ပါမားကက်တခုတွင်းက ရွှေဆိုင်တန်းမှာ ဖြစ်ခဲ့တာလို့ မလေးရှားအခြေစိုက် သည်စတားသတင်းမှာ ဖော်ပြပါတယ်။

ဟိုက်ပါမားကက်တွင်း တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာမှာတော့ သူတို့ ၄ ဦးစလုံးဟာ မျက်နှာဖုံးစွပ်တွေ တပ်ဆင်ထားခဲ့ကြပြီး ဓားရှည်တွေ ကိုင်ထားခဲ့ကြတာကို ဖမ်းယူရရှိထားခဲ့တာပါ။

သူတို့ဟာ မနက်ခင်းအစောပိုင်း ၂ နာရီလောက်မှာ ဟိုက်ပါမားကက်ရဲ့ နောက်ဘက်ခြံစည်းရိုးကို ကျော်တက်ပြီး နောက်ဘက်ကနေဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ရှေ့ဘက်ဝင်ပေါက်ကနေ ခိုးဝင်လာခဲ့ကြတာလို့ ရဲတွေက ပြောပါတယ်။

သူတို့ဟာ တာဝန်ကျ လုံခြုံရေးအစောင့် ၃ ဦးကို ဖမ်းကာ ဟိုက်ပါမားကက်တွင်း ခေါ်သွင်းပြီး နိုင်လွန်ကြိုးနဲ့ တုပ်နှောင်ထားခဲ့ကြတယ်လို့ နီလိုင်ခရိုင်ရဲဌာနမှ တာဝန်ရှိသူ ရဲအုပ်ကြီး ဇဲလ်ဒီနို ဇလူဒင်က သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီနောက် သူတို့ဟာ ရွှေဆိုင်အတွင်းတံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး ဆိုင်ထဲက မီးခံသေတ္တာကို လွန်ပူနဲ့တိုက်ဖွင့်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားခဲ့ကြတာပါ။

လက်ရှိမှာတော့ အမှုအကြောင်း အသေးစိတ်ကို မသိရသေးဘဲ ဖောက်ထွင်းခိုးယူ သွားခဲ့တဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးအသေးစိတ်ကိုလည်း မသိရသေးပါဘူး။

မလေးရှားအခြေစိုက် သတင်းတချို့မှာတော့ တရားခံတွေကို မြန်မာတွေလို့ ဖော်ပြထားတာ တွေ့ရပြီး ပြစ်မှုကျူးလွန်သူတွေဟာ မြန်မာတွေလား၊ ဗီယက်နမ်လူမျိုးတွေလား ဆိုတာကိုလည်း လက်ရှိမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013