DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီး၊ လျှိ့ဝှက်ချက်ဥပဒေဖြင့် တိုင်ချက်ဖွင့်
DVB
·
December 13, 2017
ရိုက်တာသတင်းထောက် ၂ ဦးကို ဖမ်းဆီး၊ လျှိ့ဝှက်ချက်ဥပဒေဖြင့် တိုင်ချက်ဖွင့်
Donate to DVB

 

ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ ရန်ကုန် ထောက်ကြံ့နယ်မြေ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ အွန်လိုင်းမှာပျံ့နေတဲ့ ရဲတိုင်ချက်မှတ်တမ်းအရ သိရပါတယ်။

ဒီတိုင်ချက်ဖွင့်စာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ထောက်ကြံ့ရဲစခန်းကို ဒီဗွီဘီက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်ခိုင်က “ကျနော်မသိဘူးဗျ၊ နယ်မြေရဲကိုမေးပါလား။ အဲဒီသတင်းတွေ ကျနော်တို့ဆီ တက်တာမဟုတ်ဘူး၊ ကျနော့်ဆီ သတင်းမရောက်ဘူး၊ ကျနော်လည်းမသိဘူး” လို့ ပြောပါတယ်။

ရဲတိုင်ချက်မှတ်တမ်းမှာတော့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ကို ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီလောက်က ရွှေနံ့သာကျေးရွာအုပ်စု အမှတ် ၃ လမ်းမကြီးနဲ့ နီလာလမ်းဆုံနေရာမှာ လမ်းလျှောက်လာနေစဉ် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသန့်နဲ့အဖွဲ့က စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ ရှေ့တန်း အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ မောင်တောမြို့၊ ရခိုင်ပြည်နယ်ရဲ့ သြဂုတ် ၂၇ ရက်စွဲပါ တိုက်ပွဲဖြစ်စဉ်အပြီး ကျန်ရှိတဲ့ လူ၊ လက်နက်ခဲယမ်း စာရင်းပေးပို့ခြင်း အစီရင်ခံစာမိတ္တူ တစောင်၊ သြဂုတ် ၂၅ ရက်နေ့ မြင်းလွှတ်ရဲကင်းစခန်းအား အကြမ်းဖက် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အသေးစိတ် အစီရင်ခံစာတစောင်နဲ့ ဘင်္ဂါလီရွာတွေရဲ့ မီးလောင်မှု အခြေအနေနဲ့ လူဦးရေစာရင်း အစီရင်ခံစာနဲ့ တခြားပစ္စည်းတွေ ပါဝင်ပါတယ်။

နိုင်ငံတော်လုံခြုံရေးအကျိုးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းတွေရယူ စုဆောင်းတယ်ဆိုပြီး ဥပဒေအရ အရေးယူပေးဖို့ အမှတ် ၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရေးဗိုလ်ကြီး ဒု-ရဲမှူး ဇော်နိုင်က တိုင်တန်းထားတာလို့ ဆိုပါတယ်။

သတင်းမီဒီယာကောင်စီဝင်ဖြစ်တဲ့ ဦးမြင့်ကျော်က “ကျနော်တို့လည်း အတိအကျ မသိရသေးပါဘူး။ သိရသလောက်ကတော့ ရခိုင်ကိစ္စမှာ တာဝန်ယူခဲ့တဲ့ ရဲတပ်ရင်းတာဝန်ရှိသူနဲ့ အင်တာဗျူးချိန်းလို့ သွားတယ်။ သူတို့လက်ထဲမှာ အဲဒီမှာ ဖြစ်ခဲ့တာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ တွေ့တယ်။ အတိအကျကတော့ ဘယ်ကမှ မသိရသေးပါဘူး။ ခုကိစ္စအပေါ်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ တခြားသတင်းထောက်အဖွဲ့တွေ ပေါင်းပြီး ကြေညာချက်တခုထုတ်ဖို့ ရှိပါတယ်။ အရင်အစိုးရလက်ထက်ကလည်း သတင်းထောက်တွေ ဖမ်းခံရတယ်။ ဘယ်မှာရှိမှန်း မသိရဘူး။ ခုလည်း အဲလိုဖြစ်နေတယ်။ ဒါဟာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရတာပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်ကတော့ “မနေ့က ညနေ ၆ နာရီလောက်မှာ ကျမကို အိမ်ပြန်ပို့တယ်။ ကျမတို့နှစ်ယောက် အတူတူပြန်နေကျပါ။ ပြီးတော့ အင်တာဗျူးရှိတယ်ဆိုပြီး ပြန်ထွက်သွားတယ်။ အဲဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခုလို သတင်းသမား ၂ ဦးကို ဖမ်းဆီးအရေးယူထားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရိုက်တာသတင်းဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သတင်းသမား ၂ ဦး မနေ့ညကတည်းက ပျောက်ဆုံးနေပြီး လူပျောက်တိုင်ကြားထားတယ်လို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013