
T. Rex အဖြစ် သိထားကြတဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကနေ ကော်လာဂျင်ဓာတ် (Collagen) ထုတ်ယူပြီး ဖန်တီးထားတဲ့ လက်ကိုင်အိတ်တလုံးကို ဧပြီ ၂ ရက်မှာ ထုတ်ဖော် ပြသခဲ့ ပါတယ်။
ဒါဟာ ဓာတ်ခွဲခန်းထုတ် (Laboratory-Grown) သားရေတွေရဲ့ တန်ဖိုး ဘယ်လောက်ရှိလဲ ဆိုတာကို ပြသနိုင်ဖို့အတွက် ဒီဇိုင်နာတွေနဲ့အတူ သိပ္ပံပညာရှင်တွေက အားထုတ်ခဲ့ကြတာပါ။
လာမဲ့ မေ ၁၁ ရက်အထိ အမ်စတာဒမ်မြို့က Art Zoo ပြတိုက်မှာ စိမ်းပြာရောင်နဲ့ တမူထူးခြားနေတဲ့ အိတ်ကို ခင်းကျင်းပြသဖို့ ရှိနေပါတယ်။
အဲဒီအိတ်ဟာ T. Rex ပုံတူရုပ်တုကြီးရဲ့အောက် မှန်သေတ္တာတခုအတွင်း ကျောက်တုံးပေါ်မှာတင်ပြီး အလှဆင်ထားတာလည်း တွေ့ရပါတယ်။
အမေရိကန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ တရန်နိုဆောရက်စ် (Tyrannosaurus) ရုပ်ကြွင်းကတဆင့် အိတ် ဖြစ်လာအောင် ဖန်တီးထားတဲ့အပြင် ဒေါ်လာ ၅ သိန်းကျော်နဲ့ လေလံတင်ဖို့အတွက်ပါ စပြီး စျေးခေါ်ထားကြောင်း သိရပါတယ်။
အဲဒီနောက် သိပ္ပံပညာရှင်တွေဟာ ဒိုင်နိုဆောရုပ်ကြွင်းထဲက ရှေးဟောင်း ပရိုတင်း အပိုင်းအစတွေကို တိရစ္ဆာန်ဆဲလ်တခုထဲ ထည့်သွင်းပြီး ကော်လာဂျင် ထုတ်ယူကာ သားရေအဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး တခြားတိရစ္ဆာန်တွေရဲ့ ပါဝင်ပစ္စည်းတွေကို လိုအပ်တဲ့အလျောက် “T.Rex သားရေ” ဆိုတဲ့ အသုံးအနှုန်းဟာ မသင့်တော်ကြောင်း ပရောဂျက်မှာ မပါဝင်တဲ့ သိပ္ပံပညာရှင်တချို့က ထောက်ပြ ထားပါတယ်။
Source: Reuters











