DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူမည်ဟု လုံခြုံရေးကောင်စီတွင် မြန်မာသံအမတ်ပြော
DVB
·
December 13, 2017
လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူမည်ဟု လုံခြုံရေးကောင်စီတွင် မြန်မာသံအမတ်ပြော
Donate to DVB

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထား အခိုင်အမာရှိရင် ဖောက်ဖျက်ကျူးလွန်သူတွေကို  တရားဥပဒေအရ အရေးယူသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ မွတ်ဆလင်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဒီဇင်ဘာ ၁၂ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အပေါ် မြန်မာသံအမတ်က ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက “လူ့အခွင့်အရေး ချိုးဖောက်တာတွေကို မြန်မာအစိုးရက ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာ မြန်မာအစိုးရက အလေးထား ပြောပြီးသားပါ။ သက်သေအထောက်အထား အခိုင်အမာရှိရင် ဖောက်ဖျက်ကျူးလွန်သူတွေကို တရားဥပဒေကြောင်းအရ အရေးယူသွားမှာပါ” လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပါရာမီလာပတ်တန်ကတော့ နိုဝင်ဘာ ၅ ရက်ကနေ ၁၃ ရက်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ရင်နာစရာအကောင်းဆုံး ဆိုးဆိုးရွားရွား လိင်ပိုင်းဆိုင်ရာ ရက်စက်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ခဲ့ရတယ်လို့ လုံခြုံရေးကောင်စီမှာ ရှင်းလင်းပြောသွားပါတယ်။

သူတွေ့ဆုံ စကားပြောခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေတိုင်းဟာ အဓမ္မပြုကျင့်တာ၊  အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ၊ မုဒိမ်းကျင့်သတ်ဖြတ်ခံရတာ၊ လူမြင်ကွင်းမှာ အဝတ်အစား ချွတ်ထားပြီး အရှက်ရအောင်လုပ်တာ၊ စစ်တပ်အချုပ်ခန်းမှာ လိင်ကျွန်အဖြစ် ဆက်ဆံခံရတာတွေ အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ခံရတာ ဒါမှမဟုတ် မျက်မြင်သိခဲ့ရတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသမီးတယောက်ဆိုရင် ၄၅ ရက်ကြာ ဖမ်းဆီးခံရစဉ်မှာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ဒါတွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို ဖောက်ဖျက်နေတယ်။ အပြစ်ကျူးလွန်သူတွေကို အရေးယူဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုသွားပါတယ်။

မြန်မာသံအမတ်ကြီးကတော့ မောင်တောမှာ ARSA ရဲ့ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာမှုအရေး၊ လုံခြုံရေးနဲ့ လူမှုစီးပွားကိစ္စတွေပြောတာ မတွေ့ရတဲ့အကြောင်း၊ စက်တင်ဘာ ၅ ရက်ကတည်းက အကြမ်းဖက်သမားတွေနဲ့ တိုက်ခိုက်မှု မရှိတော့ဘဲ စစ်တပ်တွေလည်း ဒေသတွင်းက ပြန်ရုပ်သွားပြီဖြစ်တဲ့အကြောင်းနဲ့ တရားဥပဒေစိုးမိုးရေး၊ ရေရှည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့က အင်အားတောင့်တင်းဖို့လိုတယ်၊ ဒေသခံရဲတွေကို သင်တန်းပေးဖို့ ဂျပန်က သဘောတူထားပြီးဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

ဒါ့အပြင် ကြက်ခြေနီအဖွဲ့ အာဆီယံနဲ့ WFP တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စတင်ဆောင်ရွက်မယ့် အခြေအနေ၊ မြန်မာဘက်က ဟိန္ဒူဒုက္ခသည် ၅၀၀ ကို အရင်ဆုံးပြန်ခေါ်ဖို့ ပန်ကြားထားပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပထမအသုတ်မှာ မွတ်ဆလင်တွေကို ထည့်သွင်း ပြန်ပို့ချင်နေတယ်လို့လည်း မြန်မာကိုယ်စားလှယ်က ရှင်းလင်းပြောပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဂျက်ဖရီဖလ်တ်မန်းကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရာမှာ ပြန်လည်သင့်မြတ်ရေး အားထုတ်ဖို့၊ အချိန်သတ်မှတ်ချက်ထားဖို့၊ မူလနေရာဖြစ်ဖို့၊ ဒုက္ခသည်စခန်း ဒါမှမဟုတ် ယာယီနေရာ မဖြစ်စေဖို့၊ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့၊ ပြန်လာဖို့အတွက် သတ်မှတ်ချက်တွေဟာ ဖြစ်နိုင်တဲ့ဟာမျိုးဖြစ်ဖို့၊ ဒုက္ခသည်ပြန်ပို့ရေးကိစ္စမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်းတွေ ပြောသွားပါတယ်။

တရုတ်နိုင်ငံကတော့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား အကြံတွေပေးသင့်ပေမယ့် ရခိုင်ပြည်နယ်ပြဿနာဟာ ဘာသာရေးနဲ့ သမိုင်းနောက်ခံ အခြေအနေကြောင့် တညတည်းနဲ့ အဖြေမရနိုင်ဘူး၊ ရေတိုမှာ သက်သာရာရဖို့ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ရေရှည်မှာ အဆိုးဘက်ကို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာကို သတိပြုဖို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ရှုတ်ချပြီး မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်တွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာကို ရှောင်ကြဉ်ဖို့ အရေးကြီးတယ်လို့ ရုရှားနိုင်ငံက သတိပေးပြောကြားလိုက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးက ပထဆုံး အရေးကြီးတဲ့အကြောင်း ဒီအခြေအနေတွေ ဖြစ်ရတာဟာ အရင် ကိုလိုနီအုပ်ချုပ်ရေးရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

လက်ရှိ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျပန်နိုင်ငံကတော့ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုရေး တိုးတက်အောင် မြန်မာအစိုးရရဲ့ လတ်တလော အားထုတ်ကြိုးပမ်းမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ မြေပြင်မှာ အခြေအနေတွေ တိုးတက်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးကို ထပ်ပြီး ထောက်ပံ့ကူညီဖို့ အသင့်ရှိတဲ့အကြောင်း နိုင်ငံတကာအသိုင်းအဝန်းက ရေရှည်အဖြေရှာနိုင်အောင် မြန်မာရဲ့ အားထုတ်မှုတွေကို ဆက်လက် အားပေးထောက်ခံဖို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာ ယူကေ၊ အမေရိကန်၊ ဆွီဒင်၊ အီတလီ၊ ပြင်သစ်၊ အီဂျစ်၊ ကာဇက်စတန်၊ အီသီယိုးပီးယား၊ ယူကရိန်း၊ ဘိုလီးဗီးယား၊ ဥရုဂွေးနဲ့ ဆီနီဂေါနိုင်ငံတွေကလည်း သဘောထားတွေ ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က လုံခြုံရေးကောင်စီမှာ အစည်းအဝေးကျင်းပပြီး ဥက္ကဋ္ဌရဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၃၀ အကြာမှာ အခြေအနေတွေ တိုးတက်မှုရှိမရှိ နောက်ဆက်တွဲ ထပ်မံဆွေးနွေးကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013