DVB Logo
Home
Lead Story
စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးဖို့ ဆိုရင်
DVB
·
December 13, 2017
စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးဖို့ ဆိုရင်
Donate to DVB

စာကြည့်တိုက်ကို အင်္ဂလိပ်လိုတော့ Library လို့ သုံးတာပါ။ အင်္ဂလိပ်ကလည်း Libraria လို့ခေါ်တဲ့ လက်တင်ဝေါဟာရကနေ ဆင်းသက်လာတာ။ အဓိပ္ပာယ်ကတော့ “စာအုပ်” (Book) ပါပဲ။ မြန်မာတွေကတော့ “ပိဋကတ်တိုက်” လို့ ရှေးနှစ်ပေါင်းများစွာကတည်းက ခေါ်ခဲ့ကြတာပါ။

စာကြည့်တိုက်ကို ဖွင့်ဆိုရာမှာတော့ “စာကြည့်တိုက်သည် ပုံနှိပ်စာအုပ်များကို သော်လည်းကောင်း၊ လက်ရေးစာမူများကို သော်လည်းကောင်း လူခပ်သိမ်းတို့ လေ့လာရန် စုဆောင်းထားရာဌာန ဖြစ်သည်ဟု ဆိုလေသည်။” လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖွင့်ဆိုတယ်။ ဒီဖွင့်ဆိုချက်ဟာ ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ဆိုရင် မပြည့်စုံနိုင်တော့ပါဘူး။ ဒီနေ့ခေတ်မှာတော့ စာအုပ်စာတမ်း၊ စာပေ၊ ကျမ်းစာ၊ လက်ရေးမူတို့သာမက ဖလင်ကော်ပြား၊ ဓာတ်ပုံ၊ ဓာတ်ပြားအပြင် အီလက်ထရောနစ်ဆိုင်ရာ မှတ်တမ်းများကိုပါ စနစ်တကျ ထိန်းသိမ်းထားတဲ့ မော်ကွန်းတိုက်ကြီးပင် ဖြစ်နေပါတယ်။

စာကြည့်တိုက်ဟာ လူ့ယဉ်ကျေးမှု စတင်မြင့်မားလာတဲ့ “အရေးစာ” ပေါ်လာကတည်းက ရှိနေခဲ့တာပါ။ အစပိုင်းတော့ ဘုရင်၊ မင်းညီမင်းသား၊ မှူးမတ်တွေ၊ ပုရောဟိတ် ပညာရှိတွေအတွက် သီးသန့်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အများပြည်သူ အသုံးပြုနိုင်သည်အထိ ဖွံ့ဖြိုးလာခဲ့ပါတော့တယ်။

စာကြည့်တိုက်ဖွံ့ဖြိုးတယ် ဆိုတာကလည်း အဆောက်အုံ ရှိနေရုံနဲ့ ဖွံ့ဖြိုးတယ်လို့ မဆိုနိုင်ဘူး။ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးဖို့ဆိုရင် B သုံးလုံးနဲ့တော့ အနည်းဆုံး ပြည့်စုံဖို့ လိုတယ်။ B သုံးလုံးဆိုတာ Book, Brain, Building တို့ပါပဲ။

Brain ဆိုတာကတော့ စာကြည့်တိုက်မှူးရဲ့စီမံခန့်ခွဲမှုကို ပြောတာ။ စာကြည့်တိုက်မှာ မရှိမဖြစ်က “စာအုပ်” ပါပဲ။ B သုံးလုံးနဲ့ ပြည့်စုံပြီဆိုတာနဲ့ စာကြည့်တိုက် ရှင်သန်မှုအတွက် စိတ်ချရပါပြီ။ ဒါပေမယ့် ဖွံ့ဖြိုးဖို့ဆိုရင်တော့ ဖွင့်ထားတဲ့ စာကြည့်တိုက်ကို လူထု ဝင်ရောက်လာမှ ဖြစ်မှာပါ။ စာကြည့်တိုက်ကို လူထုဝင်ရောက်လာဖို့ဆိုရင် ဘာတွေလိုအပ်ပါသလဲ။ စာကြည့်တိုက်ဆိုတာ စာအုပ် စုဆောင်းသိမ်းဆည်းရာ နေရာသက်သက် မဟုတ်။ ဗဟုသုတဖြန့်ချိရာ နေရာသာ ဖြစ်တယ်လို့ ခံယူနိုင်မှ စာကြည့်တိုက် ဖွံ့ဖြိုးတဲ့ဘက်ကို ဦးတည်နိုင်မှာပဲ ဖြစ်တယ်။

စာကြည့်တိုက်က လူထုအတွက် ဘာတွေပေးနိုင်သလဲ ဆိုတာကို လူထုသိမြင်လာအောင် ဘယ်လိုကြံဆောင်မလဲ။ စာကြည့်တိုက်အမျိုးအစား ၅ မျိုးထဲမှာ အမှန်တကယ် လူထုနဲ့ တိုက်ရိုက်ထိတွေ့တာက နယ်လှည့်စာကြည့်တိုက်နဲ့ ပြည်သူ့စာကြည့်တိုက်ပဲ ဖြစ်တယ်။

ဒီတော့ ဒီစာကြည့်တိုက်မျိုး အားကောင်းဖို့ဆိုရင် အစိုးရက ဘာတွေကို ပံ့ပိုးပေးဖို့ လိုမလဲ၊ စာကြည့်တိုက်ဥပဒေဟာ စာကြည့်တိုက် ဖွံ့ဖြိုးရေးကို အထောက်ကူပြုနိုင်သလား၊ စတာတွေကို လူထုထံ တင်ပြဆွေးနွေးဖို့အတွက် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) က ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။

ဆွေးနွေးတင်ပြကြမယ့်သူတွေက ဒေါက်တာသန့်သော်ကောင်း (စာအုပ်စာပေ ပံ့ပိုးကူညီမှုအသင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း အမှုဆောင်)၊ ဦးသန်းနိုင်ဦး (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ ဦးမောင်မောင်စိုး (စာကြည့်တိုက်မှူး၊ သက်ဝင်းအောင် စာကြည့်တိုက်) တို့ပါပဲ။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဒေါက်တာသန့်သော်ကောင်းက “စာကြည့်တိုက် ဖွံ့ဖြိုးဖို့ဆိုရင် ပြည်သူ့ဝင်ငွေခွန်ထဲက ရာခိုင်နှုန်းအချို့ သတ်မှတ်ပြီး ဥပဒေမှာထည့် ပြဋ္ဌာန်းသင့်တယ်” လို့ ဆိုပါတယ်။

ဦးသန်းနိုင်ဦးကတော့ ပြည်ထောင်စုကရေးတဲ့ စာကြည့်တိုက်ဥပဒေကို အခြေခံပြီး တိုင်း၊ ပြည်နယ်ရဲ့ ဒေသဆိုင်ရာ လိုအပ်ချက်နဲ့အညီ ဥပဒေရေးဆွဲဖို့ လိုတယ်။ ဥပဒေက ဖိနှိပ်တဲ့ဥပဒေ မဖြစ်ဖို့တော့လိုတယ်” လို့ ဆွေးနွေးခဲ့ပါတယ်။

ဦးမောင်မောင်စိုးကတော့ “အစိုးရအနေနဲ့ စာကြည့်တိုက် မြေနေရာကို ရပ်ကွက်အတွင်း သင့်လျော်ရာ နေရာတခု ချမှတ်ပေးဖို့ လိုသလို အရင်ရှိပြီး စာကြည့်တိုက် မြေနေရာတွေကိုလည်း အကာကွယ်ပေးဖို့ ဥပဒေမှာ ပါဝင်သင့်ကြောင်း” ဆွေးနွေးတင်ပြခဲ့ပါတယ်။

အားလုံး တညီတညွတ်တည်း ဆွေးနွေးကြတာကတော့ အနယ်နယ်အရပ်ရပ်က ပြည်သူ့စာကြည့်တိုက်ကို တာဝန်ယူ လုပ်ကိုင်သူ စေတနာ့ဝန်ထမ်းများကို စာကြည့်တိုက်ပညာပေးဖို့ လိုကြောင်းနဲ့ စာအုပ်စာတမ်း၊ ဂျာနယ်၊ သတင်းစာများ အချိန်နဲ့တပြေးညီ ရရှိနိုင်ရေးတို့ကိုလည်း အစိုးရက ပံ့ပိုးပေးဖို့လိုကြောင်း ဆွေးနွေးသွားကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ စာတတ်သူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ကမ္ဘာမှာ အောက်စ်ဖို့ဒ်တက္ကသိုလ် မပေါ်မီကတည်းက ပိဋကတ်တိုက်တွေ ရှိခဲ့သလို ပုဂံခေတ် မတိုင်မီကတည်းက “မိန်းမ စာတတ်သူပေါတဲ့ နိုင်ငံ” လို့ မစ္စတာဖာနီဗယ်က မှတ်ချက်ပေးခဲ့ဖူးတယ်။ ဘာသာရေးအခြေခံနဲ့ စာပေလိုက်စားမှု အစဉ်အလာ ကြီးခဲ့ပါတယ်။

၁၉၆၂ ခု စစ်တပ်က အာဏာမသိမ်းမီအချိန်ထိ စာကြည့်တိုက်၊ ကျေးလက်နဲ့ ရပ်ကွက်စာကြည့်တိုက်ပေါင်းများစွာ ရှိခဲ့တယ်။ စွယ်စုံကျမ်းမှအစ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်တို့အပြင် မူလတန်းကနေ တက္ကသိုလ်ဝင်တန်း ပြဋ္ဌာန်းချက်အဆုံး ရှာဖွေဖတ်ရှုလို့ ရပါတယ်။ ၁၉၆၄ ခုနှစ် အသင်းအဖွဲ့ဖျက်သိမ်းရေး အမိန့်နဲ့အတူ စာကြည့်တိုက်တွေပါ ပျက်ဖို့အကြောင်း ဖြစ်လာခဲ့ပါတော့တယ်။

၁၉၆၄ မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်ရေးဥပဒေကို ပြဋ္ဌာန်းပြီး စာကြည့်တိုက်တွေ မှတ်ပုံတင်ရသလို စာအုပ်စာရင်းတွေပါ ရေးတင်ပြီး အချို့စာအုပ်တွေဟာ သိမ်းယူခြင်းခံခဲ့ရတာတွေထိ ဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်သူ့စာကြည့်တိုက်တွေ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတော့တယ်။

တကယ်တော့ ၁၉၆၄ စာကြည့်တိုက်ဥပဒေဆိုတာ စာကြည့်တိုက်တွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ပြဋ္ဌာန်းတာပဲ ဖြစ်တယ်။ အမှန်တကယ် စာကြည့်တိုက် ဖွံ့ဖြိုးရှင်သန်ဖို့ဆိုရင် ဥပဒေအနှောင်အဖွဲ့ကင်းတဲ့ ရပ်/ကျေးဆိုင်ရာ ပြည်သူ့စာကြည့်တိုက်တွေ တိုးပွားဖို့ လိုပါတယ်။

အစိုးရပိုင်းအနေနဲ့ကတော့ စာအုပ်၊ နည်းပညာနဲ့ ရပ်ကျေးစာကြည့်တိုက်တွေမှာ အင်တာနက်ကနေ အချိန်နဲ့တပြေးညီ ဖတ်နိုင်အောင် စီမံပံ့ပိုးပေးဖို့တော့ လိုမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တောရော မြို့ပါ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ အရေတွက်များခြင်းကို အခွင့်အရေးတရပ်အဖြစ် အသုံးချပြီး အကျိုးရှိစေမယ့် စာအုပ်စာတမ်းများ၊ သတင်းများကို စာကြည့်တိုက်များအနေနဲ့ အခမဲ့ ကြည့်ရှုလေ့လာ ကူးယူနိုင်အောင် အစိုးရက ပံ့ပိုးပေးမယ် ဆိုရင်တော့ ပြည်သူ့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး အကျိုးရှိလာစေနိုင်ကြောင်း အကြံပြု တင်ပြလိုက်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013