
တိုင်ဖွန်းမုန်တိုင်း မေဆက်ခ်က တရုတ်တောင်ပိုင်းဒေသကို ဖြတ်သန်းတိုက်ခတ်ပြီးတဲ့နောက် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားချိန် ဇူလိုင် ၅ ရက်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။
နိုင်ငံပိုင်ရုပ်သံ CCTV မှာ ပြထားတဲ့ပုံတွေထဲ တရုတ်နိုင်ငံ တောင်ပိုင်း၊ ဗီယက်နမ်နယ်စပ်အနားက မြို့တမြို့ဖြစ်တဲ့ ဖှုန့်ချန်ဂန်းမြို့မှာရှိတဲ့ ဒေသခံတွေ ခါးအထိမြင့်တဲ့ ရေထဲမှာ ဖြတ်သန်းသွားလာနေတာကို ပြသထားပါတယ်။
အရေးပေါ်ဝန်ထမ်းတွေက ရော်ဘာလှေငယ်တွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
လာမဲ့ ၃ ရက်အတွင်း မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းနိုင်တယ်လို့ မိုးလေဝသအာဏာပိုင်တွေက သတိပေးခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအပါအဝင် ဒုတိယအန္တရာယ်တွေအတွက် သတိထားဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဟိုင်နန်ကျွန်းအပြင် ကွမ်တုံ၊ ကွေ့ကျိုးနဲ့ ဟူနန်ပြည်နယ်တို့အပြင် ကွမ်းရှီးဒေသတို့မှာ မိုးသည်းမယ်လို့ မျှော်လင့်ထားကြပါတယ်။
တရုတ်နိုင်ငံ အတွင်းပိုင်းမွန်ဂိုးလီးယားဒေသရဲ့ အရှေ့ပိုင်းမှာ စနေနေ့ ညနေပိုင်းက တောင်ပေါ်မှာ ရေကြီးလို့ ရွာသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အရှေ့တောင်ဘက် မိုင် ၂၄၀ မိုင် အကွာက အိမ်နီးချင်း လျောင်နင်းပြည်နယ် ဖူရှန်မြို့မှာလည်း အဲဒီနေ့မှာတင် နောက်ထပ်လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။










