
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ အကောင်အထည်ဖော်မယ့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတွေကိစ္စ ပြန်စဉ်းစားဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီက သမ္မတထံ စာတင်ထားပါတယ်။
ဒေသဖွံ့ဖြိုးရေးဇုန်လုပ်ဖို့ ပုဂ္ဂလိကကုမ္ပဏီက အစိုးရဆီ ခွင့်တောင်းထားတဲ့ မြေတွေဟာ အင်မတန်များလွန်းတဲ့အတွက် ဒါကို ပြန်လည်စဉ်းစားပေးဖို့ သမ္မတကြီးဆီ စာတင်ရတာလို့ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်အုန်းက ပြောပါတယ်။
“မြေတွေ အများကြီး မယူလို့ရှိရင် ဥပမာ နည်းနည်းပဲ ယူလို့ရှိရင် ကျနော်တို့က မကန့်ကွက်ပါဘူး။ ဥပမာ ၁၀၀၀ လောက် တောင်းရင်တော့ တမျိုးပေါ့ဗျာ။ အခုက ၃၅,၀၀၀ ဆိုတော့ များလွန်းပါတယ်။ သူတို့ ရည်ရွယ်ချက်က သိပ်မရိုးဘူးပေါ့၊ အဲဒီလို ထင်လို့။ ဒီမှာ ဒေသခံတွေအကုန်လုံး တဖြည်းဖြည်းနဲ့ မြုပ်သွားမှာပေါ့နော်။ သူတို့ လွှမ်းမိုးသွားမှာပေါ့။ သူတို့က ချလည်း မချသေးဘူးဆိုတော့ အဲဒီ စီမံကိန်းကို မပေးသင့်ကြောင်း၊ ခွင့်မပြုသင့်ကြောင်း တင်ပြအပ်ပါတယ်။ အဲဒီလို တင်ထားပါတယ်။”
ကျားဖြူပါတီနဲ့ ဒေသခံတွေ ဧပြီလ ၄ ရက်နေ့တွေ့ဆုံပွဲမှာ အဲဒီ စီမံကိန်းတွေရဲ့ အကျိုးအပြစ် အထွေထွေကို ဆွေးနွေးတိုင်ပင်ကြပြီး ဧပြီလ ၇ ရက်နေ့မှာ သမ္မတထံ စာရေးသား ပေးပို့ခဲ့ပြီး ခုထိ တစုံတရာ မထူးသေးဘူးလို့ သူက ပြောပါတယ်။
တရုတ်ကုမ္ပဏီတွေနဲ့အတူ ဖွံ့ဖြိုးမြန်မာစွမ်းအားကုမ္ပဏီက အစိုးရဆီ ဒီနှစ် ဖေဖော်ဝါရီလတုန်းက ခွင့်တောင်းထားတဲ့ မြေဧကပေါင်း သုံးသောင်းခွဲမှာ ရွှေလီမြစ်ကူးတံတား တည်ဆောက်ရေး၊ ၄ လမ်းသွား ကားလမ်းမကြီးတွေ၊ အဆင့်မြင့် ဟိုတယ်၊ ကာစီနို လောင်းကစားရုံ၊ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း၊ ဆေးရုံ ၊ ဘဏ်တိုက် စတဲ့ အဆောက်အဦတွေ တည်ဆောက်ဖို့ ပါဝင်ပါတယ်။
တချို့ အဆောက်အဦတွေက ဒေသခံတွေအတွက် တကယ်အကျိုးရှိတာ မှန်ပေမယ့် တချို့စီမံကိန်းမှာတော့ ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပျောက်ကွယ်သွားနိုင်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်လို့ ဆိုပါတယ်။
အဲဒီ မြေအကျယ်အဝန်းအတိုင်းဆိုရင် ရွှေလီမြစ်ကမ်းတလျှောက်က လယ်ယာမြေတွေ အကုန်ပါသွားပြီး မိရိုးဖလာ လုပ်ငန်းတွေ ဆုံးရှုံးမှာ ဖြစ်သလို မြေကွက်တွေ သူဌေးလက်ထဲ ရောက်သွားပြီး ဒေသခံမြေတွေ၊ အိမ်တွေ ပျောက်ကုန်မယ်လို့ ဦးစိုင်းကျော်အုန်းက ပြောပါတယ်။











