DVB Logo
Home
မြန်မာသတင်း
နှစ် ၂၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ပေး စေလို
DVB
·
December 12, 2017
နှစ် ၂၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ပေး စေလို
1 / 10
Donate to DVB

 

မန္တလေးတိုင်း မလှိုင်မြို့နယ်၊ အုတ်ဖိုကန်ရွာ အုတ်ဖိုကန်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ အနုစိတ် ကနုတ်ပန်းလက်ရာတွေနဲ့ ကျောင်းတိုင်ပေါင်း ၁၃၀ လောက်ရှိနေတဲ့ နှစ် ၂၀၀ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းကျောင်းတော်ကြီးဟာ ယိုင်နဲ့ ပျက်စီးလာတာကြောင့် ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်တယ်လို့ အုတ်ဖိုကန် ကျောင်းထိုင် ဆရာတော် ဥူးညာဏိန္ဒက မိန့်ပါတယ်။

“ရှေးလက်ရာ ကနုတ်ပန်းတွေက မန္တလေးက ရွှေကျောင်းတော်ကြီးထက် သာတယ်လို့ တောင် ထင်တယ်။ ဘုန်းကြီးရဲ့ ဆရာတော်က သက်တော် ၁၀၃ နှစ်နဲ့ ၁၉၉၈ လောက်မှာ ပျံလွန်တော်မူတယ်။ အဲဒီဆရာတော်ကြီး မမွေးခင်ကတည်းက ဒီကျောင်းကြီးက ရှိနေတယ် မိန့်ဖူးတယ်။ ရှေးလက်ရာ အမွေအနှစ်တွေ ပျောက်ပျက်မှာ စိုးရိမ်တယ်။ အခု ကျောင်းတော်ကြီးက တောင်ဘက်ကို ယိုင်နဲ့နေတယ်။ ရှေးလက်ရာပျက်မှာ ကြောက်တော့ ဘုန်ကြီး ဘာမှ မလုပ်ရဲဘူး ဖြစ်နေတယ်။ ရှေးဟောင်းဌာနတွေက ဒါလေး လာလုပ်ပေးရင် ကောင်းမယ်။”

ဒေသခံ တောင်သူတဦးက “ဒီရွာမှာ ဒီကျောင်းတော်ကြီးကို မီသူ မရှိသလောက်ပါပဲ။ ရှေးဟောင်း အနုပညာတွေကတော့ အံ့မခန်းပဲ တွေ့ရတယ်။ ရှေးဟောင်အမွေအနှစ်အနေနဲ့ ပြန်လည် ဖော်ထုတ်ပေးစေချင်တယ်"လို့ ပြောပါတယ်။

အုတ်ဖိုကန် ဘုန်းတော်ကြီးကျောင်း ခန်းနေဆရာတော်ဥူးရေဝတက “ရှေးဟောင်း အမွေအနှစ် တခုပါ။ ထိန်းသိမ်းပေးပါဆိုတာ စာတင်ခဲ့ဖူးတယ်။ ဘာမှ အကြောင်းမပြန်ကြဘူး။ ၂၀၀၈ ခုနှစ်လောက်က ရှေးဟောင်းပေစာထုပ် ၅၈ ထုပ်ကို သာသနာ ထွန်းကားပြန့်ပွားရေးက လာယူသွားတယ်။ အဲဒီနောက် ဘာမှ မလုပ်ပေးကြတော့ ရှေးဟောင်း ကျောင်းတော်ကြီး ဒီလိုနဲ့ ပျောက်ကွယ်ပျက်စီးသွားမှာ ဦးပဉ္စင်းတို့ နှမြောမိတယ်”လို့ မိန့်ပါတယ်။

မလှိုင်မြို့နယ် အုတ်ဖိုကန်ရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ရှိနေတဲ့ ရှေးဟောင်းကျောင်းတော်ကြီး အလျား ၈၈ ပေ အနံ ၅၆ ပေ၊ အုတ်လှေကား ၃ ခု၊ လူဝင်ပေါက်တံခါး ၄ ခု၊ လေဝင်ပြတင်းပေါက် ၉ ခု၊ အခန်းဖွဲ့ ၄ ခန်း ရှိနေတယ်။

ပြတင်းတံခါးတွေမှာ ကနုတ်ပန်းလက်ရာတွေ ပါသလို ကျောင်းမျက်နှာကြက်နဲ့ နံရံတိုင်းမှာလည်း အနုပညာလက်ရာတွေ တွေ့ရတယ်။ ကျောင်းတခုလုံး ကျွန်းသားတွေနဲ့ ဆောက်ထားတယ်။ ကျွန်းတိုင်တလုံးရဲ့ လုံးပတ်က ၃ ပေ ရှိနေတာ တွေ့ရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013