DVB Logo
Home
မြန်မာသတင်း
အစိုးရကျောင်းများတွင် တိုင်းရင်းသားစာပေ ရေရှည်သင်ကြားနိုင်ရေးအခက်အခဲများရှိနေ
DVB
·
December 11, 2017
အစိုးရကျောင်းများတွင် တိုင်းရင်းသားစာပေ ရေရှည်သင်ကြားနိုင်ရေးအခက်အခဲများရှိနေ
Donate to DVB

အစိုးရ အခြေခံပညာစာသင်ကျောင်းတွေမှာ တိုင်းရင်းသားစာပေသင်ကြားပေးနေတာမှာ အခက်အခဲတွေရှိနေပြီး အစိုးရက ပိုထိရောက်အောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းရင်းသားဒေသတွေက စာသင်ကျောင်းတွေမှာ သက်ဆိုင်ရာ စာပေတွေကို သင်ပေးနေပြီး စာသင်ချိန်ရဲ့ ပြင်ပမှာ တိုင်းရင်းသားစာကို သင်ပေးနေရတာပါ။

နမ့်ခမ်းမြို့နယ်၊ တအာင်း(ပလောင်) စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ကျော်က “တနေကုန် စာသင်ချိန်ပြီးမှ တိုင်းရင်းသားစာကို သင်ရတာဆိုတော့ တချို့ လေးငါးရွာပေါင်းပြီးမှ ကျောင်း တကျောင်းပဲ ရှိတဲ့နေရာမျိုးမှာ ကျောင်းသားတွေအတွက် အိမ်ပြန်ဖို့ ခက်သွားပြီ။ ပြီးတော့ တချို့ ကျောင်းတွေမှာဆို စနေ၊ တနင်္ဂနွေနေ့တွေမှာ သင်ပေးနေတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာရော၊ ကျောင်းသားရော စာသင်ပြီးလို့ ပင်ပန်းနေတဲ့အချိန်မျိုးမှာ သင်ရတာက မကောင်းဘူး။ ဖြစ်နိုင်ရင်တော့ တပတ်မှာ တချိန်ပဲ ဖြစ်ဖြစ် ပုံမှန်စာသင်ချိန်တွင်းမှာ သင်စေချင်တယ်” လို့ ပြော ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆိုရင် ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ၊ လားရှိုး စတဲ့ မြို့တွေမှာ တအာင်း(ပလောင်)စာကို သင်ပေးနေတာပါ။ ဘာသာစကား သင်ရိုးစာအုပ်တွေကို လည်း သက်ဆိုင်ရာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကပဲ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒီလိုသင်ဖို့အတွက် တချို့နေရာတွေမှာ ပညာရေးဝန်ထမ်းဖြစ်ပြီးသား တိုင်းရင်းသား ဆရာတွေက သင်ပေးနေပြီး တချို့နေရာမှာတော့ ပြင်ပက စာပြပေးနိုင်သူတွေကို ခန့်ထားရတာပါ။ ဒါပေမယ့် ပြင်ပ စာပြပေးနိုင်သူတွေကတော့ တရားဝင်ဆရာအဖြစ် စာရင်းမဝင်ပါဘူး။

ကရင်နီ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးပလူးရယ်က “အစိုးရခန့်ပြီးသား ဆရာတွေပဲ ဖြစ်ဖြစ်၊ ပြင်ပက ခန့်မယ့်သူ ဖြစ်ဖြစ် ကျနော်တို့အဖွဲ့တွေက ပြန်ပြီး သင်တန်းပေးတယ်။ စာပြပေးသူ အားလုံးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ကြေး တလကို ၃ သောင်းစီပေး တယ်။ ဒါကလည်း နှစ်ကုန်မှ ကျောင်းဖွင့်ချိန် ၈ လအတွက် ရတာပါ။ ပြီးတော့ မြို့နယ်ပညာရေးမှူးရုံးမှာ စာရင်းမဝင်ဘူးဆိုရင် ထောက်ပံ့ကြေးမရဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက ကျောင်းပေါင်း ၂၀၀ လောက်မှာ သင်ပေးနေနိုင်တယ်လို့ သူက ဆိုပါတယ်။
ထောက်ပံ့ကြေးတခုတည်းနဲ့တော့ ရပ်တည်ဖို့မလွယ်တဲ့အတွက် ဘာသာစာပေသင်တဲ့ သူတွေကို တရားဝင် ဆရာတွေအဖြစ်ခန့်ပေးဖို့ သူတို့က ပြောပါတယ်။ လာမယ့် ပညာသင်နှစ်မှာတော့ ဒီလို ခန့်ထားမယ်လို့ သိထားပေမယ့် အတိအကျတော့ ပြောဖို့ ခက်တယ်လို့ ကယားပြည်နယ် ပညာရေးမှူး ဦးအယ်ဒိုဝါးက ဒီဗွီဘီကို ပြောပါတယ်။

ကယန်းစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး ၂ ဦးလွီးစီက “အခက်အခဲတွေကတော့ အများကြီးပဲ။ အခုက ဒုတိယတန်း အထိကိုပဲ သင်ပေးနေရတာ။ ဒါက တချက်။ ပြီးတော့ ဒီလို သင်တာ ဘယ်လောက်ထိရောက်လဲ ဆိုတာ ပြန်ပြီး လေ့လာတာ မရှိဘူး။ ကျနော်တို့ သင်နေတာက ကယား၊ ရှမ်းနဲ့ ကရင်ပြည်နယ်မှာ ဆိုတော့ ဒီလောက်နယ်ပယ်ကို ပြန်ပြီး လေ့လာဖို့ ကျနော်တို့ မတတ်နိုင်ဘူး” လို့ ပြောပါတယ်။

ဘာသာစကားသင်တာနဲ့ ပတ်သက်ပြီး တပြည်နယ်နဲ့ တပြည်နယ် လမ်းညွှန်တာတွေ မတူတာကလည်း အခက်အခဲ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပအိုဝ်း စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ခွန်မောင်မောင်ထွန်းက တဖြည်းဖြည်းတော့ အတန်းကြီးတွေကိုလည်း သင်ပေးလာနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် လာမယ့်နှစ်မှာ ဘယ်လိုပုံစံနဲ့ သင်ကြားနိုင်မယ်ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။
တိုင်းရင်းသားဘာသာစကားသင်ကြားရေး ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ပိုပြီး ထိရောက်ဖို့ အတွက် အဓိကကတော့ သင်ကြားရေးစနစ်တွေ ပိုပြီးကောင်းလာဖို့၊ သင်ကြားပေးနေသူတွေ အတွက် သင့်တော်တဲ့ လစာတခုရဖို့ လိုအပ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013