DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့၌ လမ်းဘေးကျူးကျော်ဆိုင်ခန်းများ ဖယ်ရှား၊ ဆိုင်ခန်းရှင်အချို့ အခက်ကြုံ
DVB
·
December 11, 2017
ဖြူးမြို့၌ လမ်းဘေးကျူးကျော်ဆိုင်ခန်းများ ဖယ်ရှား၊ ဆိုင်ခန်းရှင်အချို့ အခက်ကြုံ
Donate to DVB

 

ပဲခူးတိုင်း ဖြူးမြို့မှာ လမ်းနယ်နမိတ်နဲ့ စည်ပင်နယ်နမိတ်အတွင်းရှိ လမ်းဘေးဝဲယာရှိ ဆိုင်ခန်းနဲ့ အဆောက်အဦအချို့ကို မြို့နယ်စည်ပင်နဲ့ အခြားဌာနဆိုင်ရာတွေက ရှင်းလင်းခဲ့တဲ့အတွက် ပျံကျဈေးသည်တွေနဲ့ ရပ်ကွက်နေပြည်သူအချို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ခန်းဖျက်သိမ်းပေးရသူ ဈေးသည်တဦးက “ကျမဒီနေရာမှာ ဈေးရောင်းလာတာနှစ် ၂၀ ကျော်ပြီ။ အထိုင်လည်း ကျနေပြီ။ အခုမှ နေ့ချင်းညချင်းဖျက်မယ်၊ မဖျက်ရင် တရားစွဲခံရမယ့်ပုံစံမျိုး ဖြစ်လာတယ်။ အမှန်ဖြစ်သင့်တာက ကျမတို့လို နယ်မြို့လေးတွေကိုထားဦး မြို့ကြီးတွေကို အရင်လုပ်ပြ။ အဲဒီမှာ လုပ်ပြပြီး မြို့ရွာသာယာရေးအတွက် ပြည်သူကို စည်းရုံးပြီး ပြည်သူပါလာမှ လုပ်ပေါ့။ အခုတော့ ဘာမှလဲ မရှင်းပြဘဲ ဖယ်ပေးရမယ်ဆိုတာပဲပြောတယ်။ ကျမရဲ့ဈေးရောင်း တာကို မှီခိုပြီစားနေရတဲ့ မိသားစုတွေရှိတယ်။ အဲဒီလိုလူတွေအများကြီး သူတို့အတွက် ပြန်ပြီး မစဉ်းစားပေးဘူးလား။ ပွင့်ပွင့်လင်းလင်းချပြပြီးမှ လုပ်သင့်တယ်”လို့ ပြောပါတယ်။

အခုလို မြို့ရွာသာယာရေးအတွက် လမ်းဘေးကျူးကျော်ဆိုင်ခန်းတွေ ဖယ်ရှားတာဟာ ဌာနပေါင်းစုံမှတာဝန်ရှိသူတွေနဲ့ အဖွဲ့ဖွဲ့စည်းပြီး ကျူးကျော်စာရင်း ကောက်ပြီးမှသာ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဖြူးမြို့နယ်စည်ပင်ကော်မတီဝင်တဦးက ပြောပါတယ်။

“ကျနော်တို့က ပါးစပ်နဲ့သတိပေးတယ်။ ၁၄ ရက်။ ဒီလ ၅ ရက်နေ့က ၁၄ ရက်ပြည့်တယ်။ အဲဒီမှာ ၆ ရက်နေ့မှာစပြီးတော့ စာထွက်ပါတယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ရှိပါတယ်။ အဓိက လမ်းဦးကတောင်းတာက တစ်ဖက်ကို ပေငါးဆယ်။ အဲဒီမှာ ကျနော်တို့ ကော်မတီက ကွင်းဆင်းတိုင်းတော့ ဘယ်လိုမှ ပေငါးဆယ်ပေးလို့ မရဘူး။ အဲဒါကြောင့် ခြံစည်းရိုး နှစ်ခုကြားက ကျူးကျော်တွေကိုပဲ ဖျက်ခိုင်းတာပါ။ သူတို့မှာ အခက်အခဲရှိမယ်ဆိုရင်လည်း တင်ပြပါ။ အဲဒါမှ ကျနော်တို့က စီစဉ်ပေးလို့ရမှာပါ”လို့ စည်ပင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြူးမြို့ ကားလမ်းဘေးဝဲယာနဲ့ မြို့ပေါ် ၄ ရပ်ကွက်ကို စာရင်းကောက်ယူရာမှာ ဆိုင်ခန်းနဲ့ အဆောက်အဦ စုစုပေါင်း ၁၄၉ ဦးလောက်က ကျူးကျော်ထားကြောင်း မြို့နယ်စည်ပင်ဌာနမှ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013