
“Friends” ရုပ်သံဇာတ်လမ်းတွဲရဲ့ ငွေကြယ်ပွင့် သရုပ်ဆောင် မက်သရူး ပယ်ရီ ၂၀၂၃ ခုနှစ်မှာ ဆေးလွန်ပြီး သေဆုံးခဲ့မှုအတွက် ကက်တမင်း ထောက်ပံ့ပေးရာမှာ ကူညီပေးခဲ့သူကို မေ ၁၃ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
အဲရစ်ဖလဲမင်းဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကက်တမင်း ဖြန့်ဝေဖို့ ပူးပေါင်းကြံစည်မှု၊ ကက်တမင်း ဖြန့်ဝေမှုကြောင့် သေဆုံးမှုတို့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
လိုင်စင်ရ မူးယစ်ဆေးဝါးစွဲလမ်းမှု အကြံပေးဟောင်း ဖလဲမင်းဟာ အရောင်းကိုယ်စားလှယ် တယောက်ဆီကနေ ကက်တမင်းပုလင်းတွေကို ဝယ်ယူခဲ့ပြီး ပယ်ရီရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက် ကန်းနက် အီဝါမာဆာဆီ ရောင်းချခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အီမာဝါဆာက ပယ်ရီ့ကို သေလောက်တဲ့ပမာဏထိ ဆေးတွေ ထိုးသွင်းပေးခဲ့တာပါ။
တရားသူကြီး ရှယ်ရီလင်း ဂါးနက်က ဖလဲမင်းကို ထောင်ဒဏ်ကျခံပြီးတဲ့နောက် ၃ နှစ် ကြီးကြပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖလဲမင်းဟာ ပယ်ရီ သေဆုံးမှုနဲ့ ဆက်စပ်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ လူ ၅ ယောက်အနက် ၄ ယောက် မြောက်ပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပယ်ရီဟာ ကက်တမင်းရဲ့ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေက တခြားအချက်တွေနဲ့ ပေါင်းစပ်မိလို့ သတိလစ်ပြီး ရေပူကန်ထဲမှာ ရေနစ်သေဆုံးခဲ့တာလို့ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူတွေက ကောက်ချက်ချထားပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။ ပယ်ရီဟာ ကျော်ကြားမှု အထွတ်အထိပ်နဲ့ တိုက်ဆိုင်နေတဲ့ ကာလတွေအပါအဝင် ဆယ်စုနှစ်များစွာ ကြာအောင် မူးယစ်ဆေးဝါး အလွဲသုံးခဲ့ တာကို လူသိရှင်ကြား ဝန်ခံခဲ့သူပါ။
စိတ်ကြွဆေးပြားတမျိုးဖြစ်တဲ့ ကက်တမင်းဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုကို ကုဖို့ ညွှန်ကြား ထားပေမဲ့ အပန်းဖြေသုံးစွဲသူတွေကြားမှာ တရားမဝင်ပါတီပွဲ မူးယစ်ဆေးဝါးအဖြစ်လည်း ရေပန်းစားလာပါတယ်။
Source: Reuters











