DVB Logo
Home
မြန်မာသတင်း
ရခိုင် ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံချက် ရှမ်း​ပြည်နယ်ရှိ လယ်များ​ ထိခိုက်နစ်နာ
DVB
·
April 19, 2012
ရခိုင် ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံချက် ရှမ်း​ပြည်နယ်ရှိ လယ်များ​ ထိခိုက်နစ်နာ
Donate to DVB

ရခိုင်ပြည်နယ်က သဘာဝဓာတ်​ငွေ့​တွေ တရုတ်နိုင်ငံကို တင်ပို့​ရောင်း​ချဖို့​အတွက် ပိုက်လိုင်း​တွေ ​ဖောက်​နေရာမှာ ရှမ်း​ပြည်​မြောက်ပိုင်း​မှာရှိတဲ့​ နမ္မတူမြစ်​ရေစီး​ကြောင်း​ပြောင်း​ပြီး​ အနီး​အနား​တဝိုက်က ​ဒေသခံပိုင်​မြေ​တွေ ထိခိုက်ဆုံး​ရှုံး​နေရပါတယ်။

ရှမ်း​ပြည်​မြောက်ပိုင်း​ နမ္မတူမြို့​နယ် ဆိုင်း​ခေါဝ် ​ကျေး​ရွာအုပ်စုထဲပါတဲ့​ နမ္မတူမြစ်ကမ်း​ နံ​ဘေး​က လယ်ယာခြံ​မြေ​တွေ​ပေါ်မှာ ပိုက်လိုင်း​ကုမ္ပဏီက မနှစ် ဒီဇင်ဘာလကစပြီး​ မြစ်ထဲက​မြေစာ​တွေ လာချထား​တဲ့​အတွက် သီး​နှံပင်​ရော စိုက်ပျိုး​မြေ​တွေပါ ပျက်စီး​ခဲ့​တယ်လို့​ ​ဒေသခံ ရွာသား​တဦး​က ​ပြောပါတယ်။

“ဒါ အများ​ကြီး​ကို ထိခိုက်တာ​ပေါ့​။ ဘာလို့​လဲဆို​တော့​ တနှစ်တခါ စိုက်တဲ့​ စိုက်ပျိုး​မြေ မဟုတ်ဘူး​လေ။ တနှစ်ပတ်လုံး​ ဒီစိုက်ပျိုး​မြေမှာပဲ လုပ်ကိုင်စား​သောက်ရတဲ့​ ​မြေမျိုး​ဖြစ်တယ်​လေ။ ရတဲ့​လျော်​ကြေး​အ​ပေါ်မှာလည်း​ ရာခိုင်နှုန်း​အများ​ကြီး​ ဖြတ်သွား​တာလည်း​ ရှိတယ်။ ကမ်း​စပ်ကို ထိန်း​ပေး​ထား​တဲ့​ ​မြေ​တွေ၊​ သစ်​တော​တွေကို သူတို့​က စက်နဲ့​ထိုး​လိုက်တဲ့​အခါကျ​တော့​ ​ရေ​တွေကြီး​တာ။ မိုး​တွင်း​တွေမှာဆိုရင် ကမ်း​ပါး​ပြိုတာ​တွေ ဖြစ်သွား​နိုင်တာပဲ။ မထိခိုက်တဲ့​ခြံ​တွေလည်း​ ကမ်း​ပါး​ပြိုတဲ့​အထဲ ပါသွား​နိုင်တယ်။”

မြေစာပင်အဖို့​ခံရတဲ့​မြေ​တွေဟာ ၄ ဧက ​ကျော်ရှိပြီး​ လယ်​တော၊​ ဝါး​တော၊​ သက်ကယ်​တော၊​ ငှက်​ပျောခြံ၊​ လိ​မ္မော်ခြံ၊​ ပန်း​ခြံ​တွေ ပါဝင်တယ်လို့​ ဆိုပါတယ်။

တရုတ်ကုမ္ပဏီက ​ဒေသခံအာဏာပိုင်​တွေနဲ့​အတူ ​မြေပိုင်ရှင် ၄ ဦး​ဆီ လာ​ရောက်ပြီး​ ၆ လတာကို ကျပ်​ငွေ ၂၄ သိန်း​ခွဲနဲ့​ ငှား​ရမ်း​ခဲ့​တဲ့​ ​မြေ​တွေဖြစ်ပါတယ်။ တကယ် စီမံကိန်း​အ​ကောင်အထည်​ဖော်တဲ့​အခါမှာ​တော့​ ​မျှော်လင့်​မထား​တဲ့​ နှစ်တိုနှစ်ရှည်သီး​ပင်​တွေ ပျက်စီး​တဲ့​အပြင် ​ရေရှည်မှာ ပြန်ပြီး​စိုက်ပျိုး​ဖို့​ မလွယ်ကူ​တော့​တဲ့​ အ​ခြေအ​နေကို ကြုံ​တွေ့​ရတယ်လို့​ ဆိုပါတယ်။

ဒါ​ကြောင့်​ စီမံကိန်း​ရပ်တန့်​ပေး​ဖို့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဆီ အကူအညီ ​တောင်း​ခံရာမှာ အ​ရေး​မယူ​ပေး​လို့​ ကျား​ဖြူပါတီဆီ တိုင်တန်း​ခဲ့​တယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

တိုင်တန်း​မှုနဲ့​ ပတ်သက်ပြီး​ နမ္မတူမြို့​နယ် နယ်​မြေအမှတ် ၂ ကျား​ဖြူပါတီရဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါ်နန်း​ခမ်း​အေး​က “ရွာသား​တွေက မြို့​နယ်အ​ထွေအ​ထွေ အုပ်ချုပ်​ရေး​မှူး​ ဦး​ညွန့်​ဝေကို ၂၀၁၂ မတ် ၈ ရက်​နေ့​က စာ​ရေး​ပြီး​ အကူအညီ​တောင်း​လိုက်တယ်။ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ကွင်း​ဆင်း​ ​ဆောင်ရွက်​ပေး​ခြင်း​ မရှိလို့​ ကျမတို့​ ကျား​ဖြူပါတီဆီကို လာပြီး​ အကူအညီ ​တောင်း​တယ်။ လမ်း​ပန်း​ဆက်သွယ်​ရေး​ ဝန်ကြီး​ကလည်း​ ကျမတို့​ဆီကို ဓာတ်​ငွေ့​ပိုက်လိုင်း​နဲ့​ ပတ်သက်ပြီး​ ကွင်း​ဆင်း​ပြီး​ အချက်အလက်​တွေ လာ​ကောက်ယူ​နေတဲ့​ အချိန်ဆို​တော့​ ဒီတိုင်စာကို ဝန်ကြီး​ဆီ ​ပေး​လိုက်တယ်။”

ဝန်ကြီး​ဆီတိုင်ကြား​တာကို မြို့​နယ်မှူး​သိရှိသွား​ပြီး​တဲ့​နောက် ရွာသား​တွေကို မတ်လကုန်ပိုင်း​မှာ ​ခေါ်ယူ​တွေ့​ဆုံပြီး​ ဒီစီမံကိန်း​ကို မရပ်တဲ့​အပြင် ​နောက်ထပ် ၆ လ ​လျော်​ကြေး​ပေး​ပြီး​ ထပ်ငှား​ဦး​မယ့်​အ​ကြောင်း​ပြောပြီး​ ၇ ရက်အတွင်း​ အ​ဖြေ​ပေး​ဖို့​ အတင်း​အကျပ်ဖိအား​ပေး​ ​ပြောဆိုခဲ့​တဲ့​အ​ကြောင်း​နဲ့​ ဒီကိစ္စကို လွှတ်​တော်မှာ ဆက်လက်တင်ပြ ​ပြောဆိုမယ်လို့​ ​ဒေါ်နန်း​ခမ်း​အေး​က ​ပြောပါတယ်။

ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံကိန်း​နဲ့​ စပ်လျဉ်း​ပြီး​ နမ္မတူမြို့​နယ်တခုလုံး​မှာဆိုရင် လယ်ယာ​မြေ စုစု​ပေါင်း​ ဧက ၄၀၀ ​လောက် ထိပါး​ခဲ့​ပြီး​ ကုမ္ပဏီက ​လျော်​ကြေး​ငွေ​တွေ ပြန်​ပေး​တယ်ဆို​ပေမယ့်​လည်း​ ကြား​ထဲက အဖြတ်ခံရတာ၊​ မျှတမှု မရှိတာ​တွေ အပါအဝင် မသမာမှု​တွေ ရှိ​နေတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013