
လက်ရှိအချိန်မှာ သေဒဏ်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းမရှိတဲ့ အတွက် သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေး အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လှူအခွင့်အရေးနေ့ သတင်းထုတ်ပြန်ချက်မှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရေး အကြံပြုချက်ကိုနိုင်ငံ တော်သမ္မတထံ တင်ပြထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ကော်မရှင်ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် တိုင်တန်းချက်တွေကို လက်ခံ ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ လက်ရှိအချိန်ထိ လက်ခံရရှိတဲ့ တိုင်တန်းချက်ပေါင်း ၃၅၉ စောင်ကျော်ကို စိစစ်တယ်။
လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ပြီး တိုင်တန်းချက်အချို့နဲ့ ပတ်သက်လို့ လိုအပ်သလို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်။
၂၀၁၇ ခုနှစ်အတွင်း ကော်မရှင်ဟာ ညောင်ဦး၊ မြင်းခြံ၊ စစ်တွေ၊ ဘူးသီးတောင်၊ အင်းစိန်၊ လားရှိုး၊ မြစ်ကြီးနား၊ ကျောက်ဖြူ၊ သံတွဲ၊ ကလေး၊ မုံရွာ၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ ဟင်္သာတ၊ သထုံ၊ သီပေါ၊ မြောင်းမြ၊ ပုသိမ်၊ မန္တလေး(ထုံးဘို)၊ ရမည်း သင်း၊ သရက်၊ တောင်ငူ၊ နေပြည်တော်၊ မြိတ်၊ ကော့သောင်း၊ သာယာဝတီ စတဲ့ မြို့များရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေကို လူ့အခွင့်အရေးအခြေအနေတွေနဲ့ စပ်လျဉ်းပြီး သွားရောက်စစ်ဆေးခဲ့တယ်။
ကော်မရှင်ရဲ့ တွေ့ရှိချက်တွေ အကြံပြုချက်တွေကို သက်ဆိုင်ရာဌာနတွေကို ပေးပို့ပြီး အများပြည်သူသိရှိနိုင်ဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တယ်။
မြန်မာနိုင်ငံ အမျိုးသားလှူအခွင့်အရေး ကော်မရှင်အဖွဲ့တဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်ကနေ ၂၆ ရက် အထိ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်များမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သွားရောက်လေ့လာစုံစမ်းခဲ့ပြီး တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေ ပါဝင်တဲ့ သတင်းထုတ်ပြန် ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တခါ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ် အားလုံးလိုလိုဟာ အစိုးရအငြိမ်းစားအရာရှိတွေချည်းလိုလိုဖြစ်နေပြီး ကော်မရှင်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ ပါဝင်ခြင်း မရှိတဲ့အပေါ် ဝေဖန်ပြစ်တင်ခံနေရပါတယ်။
တခါ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်မိသားစုရဲ့ အိမ်အကူ အမျိုးသမီးငယ်တွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုမှာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တချို့ နှုတ်ထွက်ခဲ့ရဖူးပါတယ်။











