DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် မြန်မာများကို မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးမှုမလုပ်ရန် တောင်းဆို
DVB
·
December 10, 2017
မယ်ဆိုင်တွင် မြန်မာများကို မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးမှုမလုပ်ရန် တောင်းဆို
Donate to DVB

 

 

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်း ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးတာတွေ မပြုလုပ်ဖို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တောင်းဆိုခဲ့ပါတယ်။

အခုလိုစစ်ဆေးတာဟာ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနဲ့ ချစ်ကြည်ရင်းနှီးမှုကိုပါ ထိခိုက်စေတဲ့အတွက် အတတ်နိုင်ဆုံးမပြုလုပ်ဖို့ ထိုင်းအာဏာပိုင်အဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ နယ်ခြားကော်တီ အလွတ်တန်း အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။

တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေ က “ထိုင်းနိုင်ငံမှာရှိတဲ့ မဲဆိုင်ရဲတပ်ဖွဲ့မှူးအနေနဲ့ မြန်မာနိုင်ငံသားတွေကို လမ်းမှာရပ်ခိုင်းပြီးတော့ ဆေးစစ်ခိုင်းတာရှိပါတယ်။ အဲဒီတော့ တချို့လည်း ဒီမြို့မှာရှိတဲ့ သာမန် လက်လုပ်လက်စားသားတွေကို စစ်ခိုင်းတာရှိတယ်။ တချို့လည်း ဈေးရောင်း ဈေးဝယ် သမားတွေကို စစ်ခိုင်းတာရှိတယ်။ တချို့လည်း လူကုန်ထံတွေကို စစ်ခိုင်းတာရှိသလို တချို့လည်း ဧည့်သည်တွေပေါ့။ ကျနော်တို့ အစစ်ခံရပြီဆိုကတည်းက သိက္ခာကျပါပြီ။ ကျနော်တို့သွားရင်တောင်မှ ကျနော်တို့ လုံခြုံမှုမရှိဘူးလို့ ကျနော်တို့ ဆိုခဲ့ပါတယ်။ ကျေန်ာတို့သွားရင်တောင် ခေါ်ယူစစ်ဆေးခံရမယ်ဆိုရင် သိက္ခာကျလှပါပြီ။ ဒါကြောင့်မို့ ဆီးစစ်ခြင်း ကိစ္စရပ်တွေ အမှန်တကယ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီးတော့ ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ဒီထက်မက ကြီးလေးတဲ့ ကိစ္စရပ်တွေ အများကြီးရှိပါတယ်။ မူးယစ်ဆေးဝါး ရာဇာဂိုဏ်းအဖွဲ့တွေရှိတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ကြီးကြီးမားမားတွေ ရှိတယ်။ ဒါတွေကို ဖော်ထုတ်ပြီးတော့ အမြစ်ကို လှန်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆီးစစ်တဲ့အခါကျတော့ အစစ်ခံရတဲ့ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့လည်း လာရောက်လည်ပတ်တဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်တယ်။ နှစ်နိုင်ငံ စီးပွားရေး၊ အလည်အပတ်ခရီးသွား လုပ်ငန်းတွေကို လည်း ထိခိုက်နိုင်တဲ့အတွက် ကျနော်တို့ ဒါကိုအလီလီအခါခါ ပြောနေရတာပေါ့။ ဒီတကြိမ်ကတော့ ကျနော်တို့က သေချာထပ်ပြီးတော့ သတိပေးလိုက်ပါတယ်။ ကျနော်တို့လည်း ထိုင်းနိုင်ငံသားတွေအပေါ်မှာ ဒီကနေ့အထိ စောင့်ရှောက်ပေးနေပါတယ်။ ကျနော်တို့နိုင်ငံသားတွေကိုလည်း ထိုင်းနိုင်ငံမှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်က စောင့်ရှောက်ဖို့ တာဝန် ရှိပါတယ်။” လို့  ပြောပါတယ်။

ဆီးစစ်မှုဟာ လူဂုဏ်သိက္ခာနဲ့ကိုက်ညီမှုမရှိဘဲ နှစ်နိုင်ငံချစ်ကြည်မှုကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းပြီး ဆွေးနွေးသွားဖို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့  ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ ဒီမိုကရေစီနိုင်ငံ အနေနဲ့ပြောရင်တော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်နစ်နာတာပေါ့။ တကယ်တမ်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စစ်ဆေးခွင့်မရှိဘူးလို့ ကျနော်တို့အနေနဲ့ မြင်တာပေါ့။ နောက်တချက်က ကျနော်တို့ ဒီကိစ္စက ငါးနှစ်ခြောက်နှစ်လောက်ရှိပြီး ကျနော်တို့ ပြောနေတဲ့အပေါ်မှာ ကျနော်တို့ မြန်မာနိုင်ငံအစိုးရဘက်က ဘာမှ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးခြင်း မရှိတာ တွေ့ရတယ် ပေါ့။ ထိုင်းနိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာလည်း ပြောကြတယ်။ ဒီအပေါ်မှာ ထိုင်းဘက်ကလည်း လိုက်လျောတာ တခုမှ မတွေ့ရဘူး။ ထိုင်းကတောင်းဆိုတာကို မြန်မာနိုင်ငံက တော်တော်များများ လိုက်လျောနေတာကို တွေ့ရတယ်။ ဒီမူးယစ်ဆေးဝါးဟာ မသုံးဆောင်ဘဲနဲ့လည်း ဖမ်းဆီးတာတွေ ရှိတယ်။ ဒီကိစ္စကိုလည်း လွှတ်တော်မှာ ဆွေးနွေးဖို့ ကျနော်တို့က တောင်းဆိုမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့အနေနဲ့ တာချီလိတ်ဒေသခံနဲ့ သွားရောက်လည်ပတ်နေသူတွေကို ဆီးစစ်ဆေးမှုတွေပြုလုပ်နေတာပါ။ ဒါ့အပြင် ထိုင်းဘဏ်တွေမှာ ဘတ်ငွေ ၂ သိန်းနဲ့အထက် ငွေထုတ်ယူရင်လည်း မူးယစ်ဆေးဝါးမသင်္ကာမှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး  ပါလာတဲ့ ငွေတွေကို သိမ်းဆည်းမှုတွေ ပြုလုပ်နေတာလည်း ရှိပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိ ရှောင်တခင် ဆီးစစ်ဆေးမှုတွေကိုတော့ လွန်ခဲ့တဲ့ ၅ နှစ်က စတင် စစ်ဆေးခဲ့တာဖြစ်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မဲဆိုင်မြို့ဘက်ကို မြန်မာဘက်ခြမ်းက ဧည့်သည်တွေ တနေ့ကို ၆ ထောင်လောက် ၀င်ရောက်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013