DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ပေါ် ကေဘယ်လ်ကား ကယ်ဆယ်ရေးသင်တန်းများ ပို့ချ
DVB
·
December 10, 2017
ကျိုက်ထီးရိုးတောင်ပေါ် ကေဘယ်လ်ကား ကယ်ဆယ်ရေးသင်တန်းများ ပို့ချ
1 / 6
Donate to DVB

 

ကျိုက်ထီးရိုးပေါ်ကို ဘုရားဖူးပြည်သူတွေ ကေဘယ်စီးနင်းပြီး ဖူးမြော်ရာမှာ အန္တရာယ်မဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ကယ်ဆယ်ရေးသင်တန်းတွေ ပို့ချပေးနေပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်တက်မယ့် ကေဘယ်လ်ကား မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါက ဘယ်လိုငြိမ်းသတ်မလဲ၊ ဒါမှမဟုတ်အောက်ကနေပြီး တောမီးတွေလောင်ခဲ့ရင် ဘယ်လို ကယ်ဆယ်ရေးတွေလုပ်မလဲ၊ အကြောင်းအမျိုးမျိုးကြောင့် ကေဘယ်လ်ကြီး ရပ်တန့်သွားခဲ့ရင် ဘယ်လို ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်မလဲ စတဲ့သင်တန်းတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က နည်းပြဆရာတွေနဲ့ စနစ်တကျ လေ့ကျင့် သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးတောင် ကေဘယ်လ်ကားလုံခြုံရေးနဲ့ ကယ်ဆယ်ရေးသင်တန်းကို ဒီဇင်ဘာ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၀ ရက်တာ ကာလအတွင်း ကေဘယ်လ်ကားလုပ်ငန်း စီမံကိန်းက ခန့်အပ်တာဝန်ပေးအပ်ထားတဲ့ သင်တန်းသား ၂၁ ဦးကို မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ  လေ့ကျင့်သင်ကြားပေးနေပါတယ်။

ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးစိုးကျော်သူက “ကေဘယ်လ်ကားဆိုတာက ကျနော်တို့ မြန်မာပြည်မှာ ဦးဆုံးပေါ်ထွက်လာတာဆိုတော့  နည်းနည်းတော့ အခက်အခဲရှိ ပါတယ်။ ဒီကေဘယ်လ် အိမ်ကြီးထဲကို ၀င်ဖို့ဆိုတာ ဘယ်လိုနည်းစနစ်တွေနဲ့လုပ်ရမယ်ဆိုတာ ကျနော်တို့အတွက် အသစ်အဆန်းဖြစ်နေတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ထွန်းခေါင်းဆောင်တဲ့ နည်းပြဆရာ ၅ ဦးနဲ့ မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးစိုးကျော်သူခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင် ၇ ဦးတို့ ပူးပေါင်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။

“ကျနော်တို့က ဒီလိုသင်တန်းတွေကို ၃ လတို့၊ ၆လတို့အထိ တက်ရောက်သင်ကြားခဲ့ ရတာပါ။  အခုလို ၁၀ ရက်ဆိုတဲ့ အတိုင်းအတာကတော့ နည်းလွန်းပါတယ်။ အားလုံးတော့ပြီး ပြည့်စုံမဟုတ်ရင်တောင် တတ်ကျွမ်းသင့်သလောက် တတ်ကျွမ်းအောင်လို့ အတတ်နိုင်ဆုံး လေ့ကျင့်သင်ကြားပေးသွားမှာပါ။ မနေ့ကတည်းက ကြိုးဆင်းကြိုးတက်နည်းနဲ့ ကြိုးကူးနည်းတွေကို စတင်လေ့ကျင့်နေပါပြီ။ သင်တန်းသားတွေ အနေနဲ့ကလည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြပါတယ်။ ခုလိုသင်ကြားရတာကလည်း ကေဘယ်လ်ကားက အန္တရာယ်ရှိလို့တော့       မဟုတ်ပါဘူး။ ဖြစ်လာခဲ့ရင်ဘယ်လို   ကယ်ဆယ်ရမလဲဆိုတာတွေကို လက်ဦးမှုရအောင် ကြိုတင်ကာကွယ်သွားမယ့်သဘောပါ” လို့  သင်တန်းဆရာတဦးက  ပြောပါတယ်။

ကေဘယ်လ်ကားလုပ်ငန်းခွင် စီမံကိန်းအတွင်း ကယ်ဆယ်ရေးသင်တန်း သင်ကြားရာမှာ အခြေခံကြိုးချည်နည်း၊ ကြိုးကူးနည်း၊ ကြိုးဆင်း ကြိုးတက်နည်းနဲ့ ကေဘယ်လ်အိမ်ကြီးထဲမှ လူကယ်ထုတ်နည်း  သင်ခန်းစာတွေ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရသေ့တောင်စခန်းမှ  ရင်ပြင်တော်ထိ ကေဘယ်လ်ကားပြေးဆွဲပေးမယ့် SKY ASIA ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းအတွက် ဂျပန်နိုင်ငံထုတ် မီးငြိမ်းသတ်ယာဉ် ၂ စီးကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

သတင်း=ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013