DVB Logo
Home
မြန်မာသတင်း
နယ်စပ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်စစ်ဆေးရေးလုပ်မည်
DVB
·
December 8, 2017
နယ်စပ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်စစ်ဆေးရေးလုပ်မည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း တာချီလိတ်ခရိုင်နဲ့ ထိုင်းဘက်ခြမ်း ချင်းရိုင်းခရိုင်ကြားရှိ မယ်ဟုတ်ချောင်းတလျှောက်မှာ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်တို့ ပူးတွဲပြီး ကင်းလှည့်စစ်ဆေးမယ်လို့  ထိုင်းအေအီးစီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က မြန်မာဘက်ခြမ်း တာချီလိတ်မြို့မှာ ကျင်းပသွားတဲ့ TBC ထိုင်း-မြန်မာ နယ်ခြားကော်မတီ မြို့နယ်အဆင့်  ၉၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။

အခုလို ပူးတွဲကင်းလှည့်ရတာဟာ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးကုန်သွယ်မှု၊ တရားမဝင် လက်နက်ကုန်ကူးမှု၊ လူကုန်ကူးမှု၊ သစ်ခိုးထုတ်မှုနဲ့ အကြမ်းဖက်မှုပြဿနာတွေ ပူးပေါင်းဖြေရှင်းဖို့အတွက် ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ဇွန်လက ထိုင်းနိုင်ငံ ဖူးကစ်မှာ ကျင်းပသွားတဲ့ RBC ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဒေသတွင်း အဆင့်ဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ထိုင်း TBC တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ AEC ဖော်ပြပါတယ်။  

ပူးတွဲကင်းလှည့်ရေးကို တလလျှင် ၄ ကြိမ် ပြုလုပ်မှာဖြစ်ပြီး လှေကိုလည်း အတူတကွ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မယ်ဆိုင်ချောင်းနဲ့ မယ်ဟုတ်ချောင်းမှာ မြန်မာဘက်ခြမ်းက ရေထိန်းနံရံ ၂ ခု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဆောက်လုပ်မယ့်ပုံစံ အသေးစိတ်ကို မြန်မာဘက်က တလအတွင်း ထိုင်းကို ပေးပို့ဖို့၊ တာချီလိတ်နဲ့ မယ်ဆိုင် တဖက်ခြမ်းစီ နေထိုင်တဲ့ ဒေသခံပြည်သူတွေထံ ကွင်းဆင်းပြီး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းဘက်ခြမ်းမှာ လူသတ်မှု ကျူးလွန်ပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ ထိုင်းလူမျိုး တရားခံ စုစုပေါင်း ၅  ဦးနဲ့ ထိုင်းအလုပ်ရှင်ရှင်ရဲ့ ငွေပေါင်း ဘတ် ၁၅ သန်းကို ခိုးယူပြီး မြန်မာဘက် ပြန်ထွက်ပြေးတဲ့ ရွှေ့ပြောင်းအလုပ်သမား လင်မယား ၂ ဦးအား ရှာဖွေ ဖမ်းဆီးပေးဖို့လည်း ထိုင်းအာဏာပိုင်တွေဘက်က အကူအညီတောင်းခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်ခြားကော်မတီ မြို့နယ်အဆင့် TBC ရဲ့ ၉၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာဘက်က TBC ဥက္ကဋ္ဌ ခမရ ၂၂၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရန်ကြီးအောင်နဲ့  ထိုင်းဘက်ခြမ်းကတော့  TBC ဥက္ကဋ္ဌ ထိုင်းသံချပ်ကာတပ်၊ တပ်မဟာ ၃၊ တပ်မဟာမှူး ဗိုလ်မှူးကြီး ကီတာကွန်း ကျန်ထရာတို့ ဦးဆောင်ဆွေးနွေးပြီး နှစ်ဖက် နယ်စပ်ခရိုင်နဲ့ မြို့နယ်အဆင့်က တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013