DVB Logo
Home
မြန်မာသတင်း
အလွတ်ကျက်ပညာရေးစနစ် မဖြစ်မနေ ပြောင်းရမည်ဟု  ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
December 8, 2017
အလွတ်ကျက်ပညာရေးစနစ် မဖြစ်မနေ ပြောင်းရမည်ဟု  ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီကို မဖြစ်မနေ ပြုပြင်ပြောင်းလဲရမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက် ဒီမနက်က နေပြည်တော်မှာလုပ်တဲ့ ၂၀၁၇ ခုနှစ်၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာမှာလည်း ဆရာနဲ့ ကျောင်းသား အများစု အရိုးစွဲနေတဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာအတိုင်း အမြန်ပြီးစီးအောင် သင်ကြားခြင်း၊ အတန်းအောင်ချက် မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင်ဖို့အတွက်သာ သင်ကြားပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တသဝေမတိမ်း ဖြေဆိုနိုင်မှသာ ရလဒ် ကောင်းမွန်ခြင်း စတဲ့ အချက်တွေကိုလည်း မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် သူက  မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ အဓိကကျကျ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကတော့ KG+12 ပညာရေးစနစ်အဖြစ် ပြောင်းလဲဖို့၊ ကျောင်းထွက်နှုန်း မြင့်မားနေရတဲ့ အခြေခံအကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊ အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီကို ပြောင်းလဲရေးအတွက် ဆရာ၊ ဆရာမများရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့၊ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေးတို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်များရဲ့ အရည်အသွေး မြှင့်တင်ဖို့နဲ့ ပညာရေးဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေဖို့ တို့ကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီလို ပြောင်းတဲ့အခါ ဝန်နဲ့အား မျှတမှုကို ချင့်ချိန်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ဘောင်အတွင်းက အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါ တယ်။

အခုပြုလုပ်တဲ့  ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ  ကလေးတဦးချင်းစီရဲ့ ပညာသင်ယူမှု အခွင့်အလမ်းများ၊ ပညာရေး အရည်အသွေးများ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းစဉ်များအထိ စ၊ လယ်၊ ဆုံး အပြည့်အဝ အောင်မြင်စေရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြု အခြေခံပညာ သင်ကြားရေးဆရာဆရာမတွေအနေနဲ့ ဒီဇင်ဘာ ၉ ရက်ကနေ ၁၀ ရက်နေ့အထိ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013