DVB Logo
Home
မြန်မာသတင်း
စည်ပင်ပန်းခြံအား ပဲနွယ်ကုန်းမြို့ခံများက မြို့ပိုင်ကွင်းအဖြစ် ပြန်တောင်းဆို
DVB
·
December 8, 2017
စည်ပင်ပန်းခြံအား ပဲနွယ်ကုန်းမြို့ခံများက မြို့ပိုင်ကွင်းအဖြစ် ပြန်တောင်းဆို
Donate to DVB

ပျက်စီးယိုယွင်း ပြုပြင်ခြင်းမရှိတဲ့  စည်ပင်သာယာပန်းခြံကို မြို့ပိုင်ကွင်းအဖြစ် သတ်မှတ်ပေးဖို့ ပဲနွယ်ကုန်းမြို့ခံ ပြည်သူတွေက  ပြန်လည်တောင်းဆိုလိုက်ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း ပဲနွယ်ကုန်းမြို့ရှိ စည်ပင်သာယာဦးစီးဌာနအပိုင် ပန်းခြံအား မြို့ပိုင်ကွင်းအဖြစ် ပြန်လည်ပေးအပ်ဖို့ ပဲနွယ်ကုန်းမြို့ခံတွေက တောင်းဆိုတာလို့ မြို့ပိုင်ကွင်း ပြန်လည်ရရှိဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

“ပန်းခြံက ပျက်စီးယိုယွင်းနေပြီး ပြန်လည်ပြုပြင်ခြင်း မရှိတဲ့အတွက် ချုံပုတ်တွေ၊ စည်ပင်ဌာနမှ ငှားစားထားသော အရက်ဆိုင်တွေ၊ ဖရိုဖရဲဈေးဆိုင်တွေ၊ လူတွေ နေထိုင်ဝင်ထွက်နေတဲ့အတွက် ပန်းခြံအင်္ဂါရပ်နဲ့မညီဘဲ မြို့အတွက် များစွာ အကျည်းတန် ရုပ်ဆိုးနေတဲ့ နေရာကြီးတခု ဖြစ်နေတာ ကြာပါပြီ”

ဒီပန်းခြံကို ဖ.ဆ.ပ.လ ခေတ် ပြည်တော်သာစီမံကိန်းအရ မြို့ပိုင်ကွင်းအဖြစ် အကောင်အထည်ဖော်ခဲ့ပြီး စစ်အစိုးရခေတ်မှာ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ ၁၉၉၅-၉၆ မှာ ပန်းခြံ ဂရန် လျှောက်တဲ့အခါမှာ မြို့ပေါ် ရပ်ကွက်ဥက္ကဋ္ဌတွေက ကန့်ကွက်စာ တင်ပေမယ့်လည်း ပြည်ထဲရေးက ဂရန်ချပေးခဲ့ပါတယ်။

ပန်းခြံတည်ရှိရာ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်အောင်က “ကျနော် အုပ်ချုပ်ရေးမှူး နှစ်ဆက်ရှိပါပြီ။ ပန်းခြံက ပိုပိုဆိုးပြီး ညစ်ပတ်လာတယ်။ သောက်စားမူးယစ် လောင်းကစားတွေပါ လုပ်လာကြတယ်။ ဒါကြောင့် မြို့နယ်ကို ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်း လာတုန်း ထပ်မံတင်ပြခဲ့တာပါ'' လို့ ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရက ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးဦးဌာနကို ပဲနွယ်ကုန်းမြို့ခံ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးကာ အများဆန္ဒအတိုင်း ပြုလုပ်ဖို့ ညွှန်ကြားထားကြောင်း စည်ပင်ဝန်ထမ်းတဦးက ဆိုပါတယ်။

မြို့ပိုင်ကွင်း ပြန်လည်ရရှိ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးကိုဦးက “ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်လည်တောင်းဆိုခဲ့ပေမယ့်လည်း ဂရန်ကျပီးသား ဖြစ်လို့ မပေးနိုင်တော့ဘူး။ ပန်းခြံကို ထုံးဖြူသုတ် ခြံကာလေးပဲ အပြလုပ်ပြီး နွား၊ ဆိတ် ဝင်စားနေတဲ့ စားကျက်တခု ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

ပန်းခြံကို ဖျက်သိမ်းပေးပြီး ယခင်မြို့ပိုင်ကွင်းအဖြစ် ပြန်လည်ထားရှိပေးဖို့ ပဲနွယ်ကုန်းမြို့ခံ ပြည်သူတွေက မြို့ပိုင်ဘက်စုံကွင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းတောင်းဆိုကာ ပြန်လည်ရရှိလာပါက ကလေးသူငယ်ကစားကွင်း၊ တရားပွဲ၊ စာပေဟောပြောပွဲ၊ နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေ ကျင်းပရာ ကွင်းအဖြစ် အသုံးပြုမယ်လို့ သိရပါတယ်။

စည်ပင်သာယာရေးဦးစီးဌာနက စစ်အစိုးရတွေ လက်ထက်မှာ နယ်စပ်စည်ပင်ဝန်ကြီးဌာနအောက်မှာ ထားရှိခဲ့တာဖြစ်ပြီး ၂၀၁၀ နောက်ပိုင်းမှာတော့   တိုင်းနဲ့ ပြည်နယ် အစိုးရလက်အောက်မှာသာ ထားရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013