
ရှမ်းပြည်နယ် တောင်ကြီးမြို့ မြောက်ဘက် မြစိမ်းတောင်မှာ နှစ်ပေါင်းကြာရှည် တည်ရှိလာတဲ့ တောရဘုန်းကြီး ကျောင်းတွေကို တပ်မြေဧရိယာအတွင်း ကျူးကျော်တယ်လို့ သတ်မှတ်ပြီး မြို့နယ် သံဃနာယကအဖွဲ့က ဒီလအကုန်မှာ ဖယ်ပေးဖို့ စာထုတ်ထားတယ်လို့သိရပါတယ်။
[caption id="attachment_24218" align="alignleft" width="300" caption="ဖယ်ရှားခံရမည့် ဥာဏ်ပင်တောရကျောင်း"]
[/caption]
မြစိမ်းတောင်မှာ ဆယ်စုနှစ်ကြာတည်ရှိလာတဲ့ တောရကျောင်းတွေကို မတ်၂ရရက် နေ့စွဲနဲ့ တိုင်းစစ်ဌာနချုပ် တပ်မြေ ဧရိယာ အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က စာထုတ်ပြန် ဖယ်ရှားခိုင်းတာလို့ တောရကျောင်း ဆရာတော်တပါးက မိန့်ပါတယ်။
တကယ်တော့ အဲဒီနေရာတွေမှာ တပ်က မသိမ်းယူမီ အချိန်ကတည်းက ဘုန်းကြီးကျောင်းတွေ ရှိနေပြီးတော့ သံဃာတော်တွေက တောရကျောင်း ဆောက်တည်ခဲ့တာ ဖြစ်ပေမယ့် အခု အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သံဃနာယကကို အကူအညီ တောင်းခံပြီးတော့ အခုလို ဖယ်ပေးပို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသိမ်းခံရတဲ့ ဘုန်းကြီးကျောင်းတကျောင်းက ရဟန်းတပါးက အခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုလို မိန့်ပါတယ်။
“သူတို့နဲ့ ရန်မဖြစ်ချင်ပါဘူး။ သူတို့ ဖယ်ခိုင်းမယ်ဆိုရင် ဦးဇင်းတို့က မြေအစားတောင်းရမယ်။ ဓမ္မသဘောနဲ့ ဖြေရှင်းမှာပါ။ အကြမ်းမလုပ်ပါဘူး။ အဓိကတော့ ဒီနေရာလေးကို သာသနာ့နယ်မြေလေးလို့ သတ်မှတ်ပေးစေချင်ပါတယ်။”
ဖယ်ရှားပေးရမယ့် တောရကျောင်းတွေကတော့ ဗလတောင်ကုန်း၊ နိဗ္ဗာန်ရွှေဂူ၊ မေတ္တာရေကန်၊ ရွှေဥာဏ်ပင်နဲ့ ရေဦး၊ နဂါးဂူ၊ အောင်သိဒ္ဓိ၊ ဝိမုတ္တိ၊ စိတ္တသုခ၊ ဓမ္မရတနာ၊ ညောင်ပင်အောက်ကျောင်းတွေ ဖြစ်ပါတယ်။ အဲဒီကျောင်းတွေမှာ သံဃာတော် အပါး ၅ဝလောက် သီတင်းသုံးနေတာပါ။
ဘုန်းကြီးကျောင်း ၁၀ ကျောင်းက ဆရာတော်တွေကို သံဃမဟာနာယကက ဆင့်ခေါ်စာပေးပို့ခဲ့ပြီး ဒီလအတွင်း ဖယ်ပေးဖို့အတွက်လည်း လတ်မှတ်ရေးထိုး ခိုင်းတယ်လို့လည်း ဆိုပါတယ်။
ဘုန်းကြီးကျောင်းအဖြစ် အသိအမှတ်မပြုတဲ့ အဆောက်အဦတွေမှာ ဆက်လက်နေထိုင်ပါက ညွန်ကြားလွှာ ၇၅ ဆိုတာဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နယ်သာသနာရေးမှူးက အရေးယူဆောင်ရွက်မယ် ဆိုတဲ့ တွဲဖက် အကျိုးတော်ဆောင် ဘဒ္ဒန္တဦးဝါယာမ လက်မှတ်ရေးထိုးထားတဲ့ စာကို ပေးပို့ခဲ့တာလို့ သံဃာတော်တွေက ပြောပါတယ်။ ညွှန်ကြားလွှာ ၇၅ ဆိုတာဟာ တရားစွဲဆိုပြီး မြို့နယ်အတွင်းမှာ သီတင်းသုံး နေထိုင်ခွင့်မပြုတာ ဖြစ်တယ်လို့ သံဃာတော်တွေက ရှင်းပြပါတယ်။
အခုလို တောရကျောင်းတွေ ဖယ်ရှားခံရမယ့် အရေးနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ခံတွေကတော့ စိုးရိမ်ပူပန်မှု ရှိနေပါတယ်။
“ဘာပဲဖြစ်ဖြစ် တောင်ကြီးမြို့အနေနဲ့ အထွဋ်အမြတ်ထားတဲ့ နေရာလေး တခုပါ။ ဒီလိုသိမ်းသွာပြီး နှင်ထုတ်တယ်ဆိုတာ နှမြောမိတယ်။ ဘုန်းကြီးကျောင်းတွေကို ဖယ်ခိုင်းတယ်ဆိုတာ စိတ်မကောင်းဘူးပေါ့။”
တောရကျောင်းတွေ ဆက်လက်တည်ရှိခွင့်ရရေး သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာတွေထံကို စာတင်သွားဖို့ သက်ဆိုင်ရာ သံဃာတော်တွေက စီစဉ်နေကြပါတယ်။










