DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် နှလုံးအထူးကုဌာနတခု ဖွင့်လှစ်ပေးရန် မွန်လွှတ်တော်တွင် အဆိုတင်
DVB
·
December 8, 2017
မော်လမြိုင်တွင် နှလုံးအထူးကုဌာနတခု ဖွင့်လှစ်ပေးရန် မွန်လွှတ်တော်တွင် အဆိုတင်
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ သက်ဆိုင်တဲ့ အထူးကုဌာနတခု ဖွင့်လှစ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးမှာ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက တင်သွင်းခဲ့တာပါ။

“မော်လမြိုင်ဆေးရုံကြီးမှာက နှလုံးရောဂါ ကြပ်မတ်ဆောင် ရှိပေမယ့် ပစ္စည်းကိရိယာ အစုံအလင်နဲ့ အထူးကုဆရာဝန်ကြီးတွေ ကြပ်မတ်ကုသနေတဲ့ သီးခြားနှလုံးအထူးကုဌာန မရှိသေးတဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြရပြီး လူနာတွေအနေနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကို လေ့လာတွေ့ရှိရတယ်” လို့ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

မော်လမြိုင်ခရိုင်အတွင်းက မြို့နယ်တွေအနေနဲ့ မော်လမြိုင်မြို့ရှိ ဆေးရုံကြီးကိုသာ အဓိက အားထားကုသနေကြရပြီး ခရီးလမ်းအရ၊ ငွေကြေးအရ၊ ရန်ကုန်မြို့ထိ အကုန်အကျခံ တက်ရောက်ကုသနိုင်မယ့် လူနာရှင် အရေအတွက် ပမာဏဟာလည်း အလွန့်အလွန် နည်းပါးနေတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဌာနမှ နှစ်စဉ် ရယူထားတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ နှလုံးရောဂါနဲ့စပ်လျဉ်ပြီး နှစ်စဉ် မြန်မာနိုင်ငံမှာ နှလုံးရောဂါ၊ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားမှု တိုးတက်များပြားနေပြီး မွန်ပြည်နယ်မှာလည်း နှစ်စဉ် နှလုံးရောဂါနဲ့ သေဆုံးမှု မြင့်မားနေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ နှလုံးရောဂါအထူးကုဌာနနှင့် အထူးကုဆရာဝန်တွေ အခိုင်အမာရှိနေပါက တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေက နှလုံးရောဂါဝေဒနာရှင်တွေအနေနဲ့ ရန်ကုန်မြို့အထိ သွားရောက်စရာမလိုဘဲ မော်လမြိုင်မြို့မှာ ကောင်းစွာ ကုသမှု ခံယူနိုင်မယ်လို့ ပြောပါတယ်။

ဒီအဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ထောက်ခံဆွေးနွေးခဲ့တဲ့အတွက် အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ ကျန်ရှိတဲ့ နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

သတင်း - ဟိန်းထက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013