DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးထက် မွေးမြူရေးကဏ္ဍကို ပိုမိုရင်းနှီးမြှုပ်နှံရန် တိုက်တွန်း
DVB
·
December 8, 2017
စိုက်ပျိုးရေးထက် မွေးမြူရေးကဏ္ဍကို ပိုမိုရင်းနှီးမြှုပ်နှံရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကို အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် လုပ်ကိုင်နေပေမယ့် တိုးတက်နှုန်း နောက်ကျနေလို့ မွေးမြူရေးလုပ်ငန်းကို ပိုမိုရင်းနှီးမြှုပ်နှံကြဖို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က တိုက်တွန်းလိုက်သည်။

စိုက်ပျိုးရေးကဏ္ဍဟာ မိုးလေ၀သနဲ့ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးရေးနည်းစနစ်၊ မျိုးစေ့အခက်ခဲ၊ ဈေးကွက်လိုအပ်ချက်နဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာပိုင်း အကူအညီ စတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံနေရလို့ ဈေးကွက်ရှိပြီးသား မွေးမြူရေးကဏ္ဍကို ပိုမိုရင်းနှီးမြှုပ်နှံဖို့ အကြုံပြုပါတယ်။

ဒေါက်တာထွန်းလွင်က “အဓိက Challenge (စိန်ခေါ်မှုအခက်ခဲ)က စိုက်ပျိုးရေးပိုင်းက ပိုများတယ်။ တက်လာအောင်လုပ်တဲ့နေရာမှာ စိုက်ပျိုးရေးပိုင်းက ထင်သာမြင်သာနည်းတယ်။ အတက်နှေးတယ်။ ရာသီသီးနှံတွေလည်း ဖြစ်တော့ အချိန်လည်း စောင့်ရတယ်။ မွေးမြူရေးကတော့ မြန်တယ်။ ပိုမွေးနိုင်အောင် ရင်းနှီးမြှုပ်နှံလိုက်ရင် ထုတ်လုပ်မှုတွေ တက်လာမယ်။ ဈေးကွက်တွေကလည်း ရှိနေတယ်။ မွေးမြူရေးက ဝင်ငွေပိုပြီး ရဖို့လွယ်တယ်။ အခုနောက်ပိုင်းမှာ မွေးမြူရေးဘက်ကို ပိုပြီး ဇောင်းပေးပြီးတော့ ပံ့ပိုးပေးဖို့ စီစဉ်နေတာလေးတွေ ရှိတယ်”လို့ ပြောပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ နိုင်ငံတော်ရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုးရဲ့ စိုက်ပျိုးရေးကဏ္ဍ ပါဝင်မှုက ၁၈ ဒသမ ၇ ရာခိုင်နှုန်းနဲ့ မွေးမြူရေးကဏ္ဍ ပါဝင်မှုက ၇ ဒသမ ၉ ရာခိုင်နှုန်းရရှိဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။

မြန်မာ့စီးပွားရေး တိုးတက်လာစေဖို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး လက်ရှိမြန်မာ့စီးပွားရေး မြင့်တက်လာစေဖို့ တိုင်းပြည်အကျိုးအတွက် အမှန်တကယ် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

Myanmar Development Partners လုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်ဖြူယမင်းမြတ်က “အခု မြန်မာ့စီးပွားရေးက နှေးတယ်၊ မြန်တယ်ဆိုတာ ကိုယ့်အပြောပဲ ရှိတာ။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ အလုပ်လုပ်ရမယ့်အချိန်မှာ အမှားတွေလည်း ရှိကောင်းရှိမယ်။ မလုပ်ရဲတာတွေလည်း ရှိကောင်းရှိမယ်။ စီးပွားရေးမှာ ဆုံးရှုံးမှုတွေ ရှိနေရင် အစိုးရကလည်း ကာပေးနိုင်အောင် အစီအမံတွေနဲ့ လုပ်ပေးရမယ်။ တကယ်စီးပွားရေးလုပ်ပြီး အများပြည်သူအတွက် အကျိုးရှိစေမယ့် ထုတ်ကုန်တွေထုတ်ပြီး တိုင်းပြည် GDP တက်အောင် တကယ်လုပ်နေတဲ့ လုပ်ငန်းတွေကို အခွန်လျှော့ပေးတာတွေ၊ အခွန်ဆိုင်းငံ့ပေးတာမျိုးတွေ၊ သူတို့အတွက်လိုအပ်တဲ့ ခရီးသွားလာမှု၊ လုံခြုံမှု ၊ တရားဥပဒေစိုးမိုးမှု၊ သတင်းအချက်တွေ ဒါမျိုးတွေ ရနိုင်သမျှ ပံ့ပိုးပေးရမယ် ထင်တယ်။ အကုန်လုံး ဝိုင်းလုပ်မှပဲ ဒီလေး ငါး ဆယ်နှစ်အတွင်း တဖြည်းဖြည်း တရိပ်ရိပ်နဲ့ (စီးပွားရေး)တက်လာနိုင်စွမ်း ရှိတယ်”လို့ ပြောပါတယ်။

လက်ရှိ မြန်မာ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍဟာ ဗီယက်နမ်၊ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်ကျနေပါတယ်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းမှာလည်း နိုင်ငံပေါင်း ၁၉၀ အနက် ဗီယက်နမ်၊အင်ဒိုနီးရှား၊အိန္ဒိယတို့က အဆင့် ၆၈၊ ၇၂၊၁၀၀ နဲ့ အသီးသီးခုန်တက်ခဲ့ကြပေမယ့် မြန်မာနိုင်ငံကတော့ အဆင့် ၁၇၁ မှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013