ရန်ကုန်တက္ကသိုလ်သိပ္ပံပွဲခင်းကျင်းပ (သတင်းဓာတ်ပုံ)

တက္ကသိုလ်တွေက ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို သုတေသန လုပ်ငန်းတွေနဲ့ သင်ကြားသင်ယူမှုလုပ်ငန်းတွေမှာ အထောက်အကူပြုမြှင့်တင်နိုင်ဖို့အတွက် ရန်ကုန်တက္ကသိုလ်သိပ္ပံပွဲခင်းကို ဒီဇင်ဘာ ၇ ရက်ကစတင် ကျင်းပနေပါတယ်။
အဲဒီပွဲခင်းကိုတော့ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်။
သိပ္ပံပွဲခင်းမှာတော့ ရန်ကုန်တက္ကသိုလ် သိပ္ပံဌာန၊ ဒဂုံတက္ကသိုလ်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာနနဲ့ နည်းပညာကုမ္ပဏီတွေက သုတေသနစက်ပစ္စည်းတွေနဲ့ သင်ထောက်ကူပစ္စည်းတွေကို ပြသထားပါတယ်။
ပြခန်းစုစုပေါင်း ၄၈ ခန်းနဲ့ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူတွေရဲ့ Science Project အဖွဲ့ ၃၇ ဖွဲ့တို့က ပါဝင်ပြသထားတဲ့ပြခန်းတွေ ပါဝင်ပါတယ်။
ပြပွဲကျင်းပနေစဉ် (၃) ရက်တာကာလအတွင်းမှာလည်း ကျောင်းသားတွေ ပြုလုပ်ထားတဲ့ Science Project တွေကို ဆွေးနွေးတင်ပြမှုတွေ လုပ်ဆောင်မှာဖြစ်သလို လူထုအသိပညာပေး သိပ္ပံပြကွက်တွေကိုလည်းပြသသွားမယ်လို့သိရပါတယ်။
ရန်ကုန်တက္ကသိုလ်အနေနဲ့ သိပ္ပံပွဲခင်းကျင်းပလာတာဟာ အခုနှစ်မှာ စတုတ္ထအကြိမ် မြောက်ရှိပြီ ဖြစ်ပြီး နောက်နှစ်တွေမှာလည်း အခုလိုပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်သလို တခြား တက္ကသိုလ်တွေကပါ ပါဝင်နိုင်အောင်ဆောင်ရွက်သွားဖို့ရှိပါတယ်။











