DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဂျူးမြစ်များ အရည်အသွေးနိမ့်ကျသဖြင့် ကိုရီယားသို့ တင်ပို့မှု ရပ်ဆိုင်း
DVB
·
December 7, 2017
ပြည်တွင်းဂျူးမြစ်များ အရည်အသွေးနိမ့်ကျသဖြင့် ကိုရီယားသို့ တင်ပို့မှု ရပ်ဆိုင်း
Donate to DVB

 

မြန်မာပြည်တွင်းမှာထွက်ရှိတဲ့ ဂျူးမြစ်တွေဟာ တရုတ်နိုင်ငံထွက် ဂျူးမြစ်တွေထက် အရည်အသွေး နိမ့်နေတာကြောင့် ကိုရီးယားကိုတင်ပို့မှု ရပ်ဆိုင်းထားရတယ်လို့ အောင်ပန်း ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

အခုနောက်ပိုင်း ပြည်တွင်းရော ပြည်ပပါ တရုတ်နိုင်ငံက ဂျူးမြစ်တွေကိုသာ အဓိက ဝယ်ယူလာတဲ့အတွက် ဂျူးမြစ်စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ ကုန်စည်ဒိုင်အချို့ နစ်နာမှုတွေ ရှိနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့က ထီလာပွဲရုံပိုင်ရှင် ဦးမြင့်ဆွေက “အရင်တုန်းကတော့ ဂျူးမြစ်ကို ကိုရီးယားနိုင်ငံကို ပို့တယ်။ အခု မယူကြတော့ဘူး။ မယူတော့တာ ဘာလို့လဲဆိုတော့ ဦးတို့ဆီက ဂျူးမြစ်က တရုတ်နဲ့စာရင် အဆင့်မမီဘူး။ အဆင့်မမီတဲ့အပြင် သူတို့ဆီက ဂျူးမြစ်က လှတယ်။ ဦးတို့ဆီက ဂျူးမြစ်က စားလို့ ကောင်းတယ်လို့တော့ ဆိုတယ်။ ဒါပေမယ့် သူတို့နဲ့ ဈေးနှုန်းမှာလည်း ၁ ပိဿာကို ၆၀၀ ကျပ်လောက် ကွာနေတယ်။ တရုတ်က သွင်းတာတွေက ဈေးနည်းတယ်။ ဦးတို့ဆီက ဂျူးမြစ်က ဈေးများတယ်။ ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ အရင်တုန်းက သီပေါတို့ သိန္နီတို့ဘက်က ဦးတို့ဆီကနေ ဂျူးမြစ်ကို ပို့တယ်။ အခု တရုတ်ကနေ လာတော့ ဦးတို့ဆီက မဝယ်တော့ဘူး”လို့ ပြောပါတယ်။

ဂျူးမြစ်တွေကို ၃ နှစ်ကျော် ကြာအထိ ကိုရီးယားနိုင်ငံက ဝယ်လက် မရရှိတော့တဲ့အပြင် ဂေါ်ဖီထုပ်တွေပါ ပြည်ပတင်ပို့မှု မရှိတော့တဲ့အတွက် အဲဒီလို မဖြစ်ရအောင် နည်းပညာပိုင်း ပံ့ပိုးမှုတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“တရုတ်ပြည်က ဂျူးတွေက အမြစ်ရှည်တယ်။ တုတ်တယ်။ ဦးတို့ဆီက အမြစ်က သူတို့လောက် အဆင့်မမီဘူး။ နည်းစနစ်ပိုင်းတွေ အများကြီး လိုအပ်တယ်။ စိုက်ပျိုးရေး သုတေသနအဖွဲ့က နည်းပညာတွေပေးမှ သိမယ်။ အပင်ကြီးအောင်၊ ပွားများအောင် ဘယ်လိုလုပ်မလဲပေါ့။ တပင်စိုက်တာချင်း တူရင်တောင်မှ ဦးတို့ဆီမှာ တပင်ကို ၁၀ သား ထွက်တယ်ဆိုရင် သူတို့ဆီမှာ ၂၀ သားလောက် ထွက်တယ်။ သူတို့က  အရည်အသွေး ပိုကောင်းတဲ့အခါကျတော့ အထွက်နှုန်းသာပြီး ဈေးလျှော့ပေးနိုင်တာပေါ့” လို့ ဦးမြင့်ဆွေက ဆက်လက်ရှင်းပြပါတယ်။

ဂျူးမြစ်ကို ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးကြပြီး အထူးသဖြင့် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နဲ့ နောင်တရားမြို့နယ်ခွဲတွေမှာ အဓိက စိုက်ပျိုးကြပါတယ်။

ဂျူးမြစ်ကို အသင့်သုံး ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဂျူးမြစ် ရှာလကာရည်၊ အအေးခံဂျူးရွက်၊ သီးရွက်စုံဆလတ်နဲ့ တခြား အစားအသောက်ပစ္စည်းတွေလည်း ထုတ်လုပ်ကြပါတယ်။

ဂျူးမြစ်ကိုနေ့စဉ်စားသုံးခြင်းဖြင့် နှလုံးသွေးကြောလွှတ်ဆိုင်ရာ ရောဂါတွေ၊ အယ်လ်ဇိုင်းမားနဲ့ အိုမင်းရင့်ရော်ခြင်း၊ အရိုးပါးရောဂါ၊ ဗိုင်းရပ်စ်နဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ အဆုတ်နဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013