DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် တရားမဝင် ကျောက်စုပ်နေ၍ ကမ်းပါးပြို၊ လယ်မြေများ ပျောက်မှာ ဒေသခံများ စိုးရိမ်
DVB
·
December 7, 2017
အဖျောက်တွင် တရားမဝင် ကျောက်စုပ်နေ၍ ကမ်းပါးပြို၊ လယ်မြေများ ပျောက်မှာ ဒေသခံများ စိုးရိမ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့မှာ လက်ထိုးလှေတွေနဲ့ တရားမဝင် မြစ်ကျောက်စုပ်ယူနေတဲ့အတွက် မြစ်ကမ်းပြိုတာတွေ ဖြစ်ပေါ်နေတာကြောင့် လယ်မြေတွေ ပျောက်မှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

အဖျောက်မြို့မှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဧရာဝတီမြစ်အတွင်း တရားမဝင် မြစ်ကျောက်တွေကို လက်ထိုးလှေတွေနဲ့ အေးရွာကျေးရွာ မြစ်ကမ်းဘေးမှာ လာရောက် လုပ်ကိုင်နေတဲ့အတွက် မြစ်ကမ်းပါးတွေ ပြိုကျနေပြီး အခုအချိန်ထိ ကျောက်စုပ်ယူနေကြဆဲ ဖြစ်ပါတယ်။

အေးရွာကျေးရွာသားတဦးက “နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး ကျနော်တို့ ရွာရဲ့ အနောက်ဘက် ၁ ဖာလုံအကွာ ကိုင်းမြေအစပ်မှာ လှေတွေအစီး ၃၀ လောက်နဲ့လာပြီး ကျောက်စုပ်တယ်။ ဘယ်ကလည်းတော့ မသိဘူး။ အရင်က မော်တော်တွေနဲ့ ညဘက် ခိုးစုပ် ကြတယ်။ အခု နေ့ဘက်ကို ပေါ်တင်လာစုပ်နေကျတာပါ။ အခု တဖြည်းဖြည်း လှေတွေက ၈၀ စီးလောက် ရှိပါတယ်။ ကျနော်တို့ရွာမှာ ကမ်းပြိုလို့ နေစရာမရှိ ဖြစ်နေချိန်မှာ အခုလုပ်စားမြေတွေ ဘက်မှာ လာပြီး ကျောက်စုပ်နေလို့ မြစ်ကမ်းပါးတွေလည်း ပြိုနေတယ်။ ဒီအတိုင်းဆက်ပြီး ကျောက်စုပ်နေမယ်ဆို ကျနော်တို့ လုပ်စားမြေတွေ ပါကုန်မှာ စိုးရိမ်နေရပါတယ်”လို့ ပြောပါတယ်။

အေးရွာကျေးရွာအုပ်ချူပ်ရေးမှူး ဦးဟိန်းဇော်လတ်ကတော့ ကျောက်စုပ်တဲ့သူတွေကို ရုံးမှာခေါ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းထားတယ်လို့ ပြောပါတယ်။

“ကျနော်ကျောက်စုပ်တယ်လို့ သတင်းကြားလို့ သွားကြည့်တော့ ဟုတ်ပါတယ်။ လက်ထိုးလှေတွေနဲ့ စုပ်နေတာ။ ဒါနဲ့ ကျနော်လည်း ကျောက်စုပ်တဲ့သူတွေကို ရုံးမှာခေါ်ပြီး တရားမဝင် ကျောက်စုပ်တာနဲ့ ပတ်သက်ပြီး တားဆီးထားကြောင်း နောက်နောင်မလုပ်ဖို့အတွက် ခံဝန်လက်မှတ်ထိုးခိုင်းထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကို စာတင်ထားပါတယ်။ အခု ကျောက်စုပ်တဲ့သူတွေက အဖျောက်က ကျေးရွာတွေအပြင် တခြားကျေးရွာတွေပါ လာစုပ်နေကြပါတယ်”

အဖျောက်မြို့မှာ တရားမဝင် ကျောက်စုပ်လုပ်တာ မလုပ်ဖို့ ၂၀၁၆ ခုနှစ်မှာ မြို့နယ်အုပ်ချုပ်ရေးမှာ တရားဝင်စာထုတ်တာ၊ မြို့ပေါ်မှာ ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေးတာ၊ အသံချဲ့စက်တွေနဲ့ အသိပေးတာတွေ ပြုလုပ်ထားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ တရားမဝင်ကျောက်စုပ်သူ ၇ ဦးကို မော်တော်တွေနဲ့အတူ ဖမ်းဆီးအရေးယူခဲ့ပါ တယ်။

အဖျောက်မြို့မှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ကမ်းပါးတွေ ဆက်တိုက် ပြိုကျခဲ့တဲ့အတွက် အေးရွာကျေးရွာမှာ အိမ်ထောင်စုတွေ ပြောင်းရွှေ့နေရပြီး ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းပါ ကမ်းပါးပြိုတဲ့ထဲ ပါသွားခဲ့ဖူးပါတယ်။

အခုအခါမှာ ကလေးတွေ ပညာရေးအတွက် ယာယီစာသင်ကျောင်းဆောင်နဲ့ စာသင်ကြားနေရပြီး ပြောင်းရွှေ့မိသားစုတွေမှာလည်း နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013