DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်သမားဥပဒေနှင့် မညီသည့် မြန်မာ  ၁ သိန်းခွဲကျော် ပြည်တွင်း ပြန်ဝင်လာ
DVB
·
December 6, 2017
ထိုင်းအလုပ်သမားဥပဒေနှင့် မညီသည့် မြန်မာ  ၁ သိန်းခွဲကျော် ပြည်တွင်း ပြန်ဝင်လာ
Donate to DVB

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာအလုပ်သမား ၁ သိန်းခွဲကျော် ၆ လအတွင်း ပြည်တွင်း ပြန်ဝင်လာခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၃ ရက်ထိ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၅၅၁၆၉ ဦး (ကျား ၈၈၁၈၉၊ မ ၆၆၉၈၀) တို့ ပြန်လည်ဝင်ရောက် လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းကတော့ မြန်မာ အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ခိုင်မာသေချာတဲ့ စီမံလုပ်ဆောင်ချက် မရှိတာကြောင့် အလုပ်သမားတွေ ပြန်နေကြတာလို့ ပြောပါတယ်။

“အလုပ်သမားဝန်ကြီးဌာနက ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် ခိုင်မာသေချာတဲ့ အစီအမံတစုံတရာ ခိုင်ခိုင်မာမာ မရှိဘူး။ နှစ်အချက်က သန်းချီပြီး ရောက်နေတဲ့ အလုပ်သမားတွေကို အရင်က အကာအကွယ်စောင့်ရှောက်မှု မပေးခဲ့ရင်တောင်မှ လက်ရှိ လူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ အပြစ်အနာအဆာ အနည်းဆုံးနဲ့ ကာကွယ်စောင့်ရှောက်မှု အများဆုံးရရှိအောင် ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ စီမံကိန်း ဒီနေ့ ဒီအချိန်ထိ မရှိသေးဘူး။ အဆိုးဆုံးက ပတ်စပို့ကြီးကိုင်ထားပြီးတော့ လမ်းမှာ ပုလိပ်ပိုက်ဆံ တောင်းတာ ခံရတယ်။ ခရီးသွားရင် ဝပ်ပါမစ်ပြရမယ် ဆိုကတည်းကိုက ဒါကြောင့် နေထိုင်ဖို့ ခက်ခဲတယ်။ လုံခြုံမှု အားနည်းတယ်။ ရှေ့ကိုတိုးပြီးတော့ နေချင်တဲ့စိတ်ကုန်လာတယ်။ ငတ်ခါမှ ငတ်ရောဆိုပြီးတော့ ကိုယ့်တိုင်းပြည်ကိုယ် ရတဲ့နည်းလမ်းနဲ့ ပြန်နေကြတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဝင်ပေါက်တွေကနေ ပြန်ဝင်လာကြသူတွေကို ငွေကြေးတစုံတရာ ကောက်ခံခြင်း မရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားတွေ၊ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေ၊ တရားခံပြေးတွေ၊ ဘဂါင်္လီတွေ၊ ငွေစက္ကူအတု ပြုလုပ်သူတွေနဲ့ ငွေစက္ကူအတုတွေ မပါလာအောင် အုပ်ချုပ်ရေးအဖွဲ့တွေ၊ လ.ဝ.က၊ နယ်မြေခံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက  စိစစ်ရှာဖွေတယ်။

ပြန်ဝင်လာသူတွေကို စားစရာ၊ ရေနဲ့  လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

Photo : Ministry of Home Affairs, Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013