အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရဟာ တနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ဒန်းနစ္စ ကွိုင်းလ်ကို မတ် ၂၄ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်တခုတည်းနဲ့ ကဘူးလ်ကို “မတရားဖမ်းဆီးတဲ့နိုင်ငံ” အဖြစ် မကြာသေးခင်က သတ်မှတ်ထားတာကို ပြန်မရုပ်သိမ်းပေးသေးဘူးလို့ ဝါရှင်တန်က ပြောကြားခဲ့ပြီး နောက်ထပ် လုပ်ဆောင်ချက်တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
အာဖဂန်အာဏာပိုင်တွေဟာ ကွိုင်းလ်ရဲ့ မိခင်က သူ့သားကို အီးဒ် အယ်လ်-ဖစ်တာ အစ္စလာမ်ပွဲတော် အခါသမယမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့စာကို လက်ခံရရှိခဲ့တယ်လို့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်မှာတော့ အာဖဂန်နစ္စတန် တရားရုံးချုပ်ဟာ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချိန်ကာလက လုံလောက်ပြီလို့ ယူဆရတဲ့အတွက် ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အာဖဂန်နစ္စတန်ကို ဒီလအစောပိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
တကယ်လို့ တာလီဘန်ဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိရင် အမေရိကန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို အာဖဂန်နစ္စတန်ကို သွားရောက်ခွင့် ပိတ်ပင်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
အဲဒီလို ကန့်သတ်ချက်မျိုးဟာ လက်ရှိမှာ မြောက်ကိုရီးယားနိုင်ငံ တခုတည်းကိုပဲ ကျင့်သုံးထားတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဓားစာခံဆိုင်ရာဌာနကတော့ ကွိုင်းလ်ကို ပြန်လွှတ်ပေးလိုက်တာဟာ မတ် ၉ ရက်က တာလီဘန်အစိုးရအပေါ် ချမှတ်ထားတဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကို အားပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters










