DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် ဘူးသီးတောင်တွင် စားကုန်နှင့် ဟင်းသီးဟင်းရွက်ဈေး မြင့်တက်
DVB
·
December 6, 2017
မောင်တောနှင့် ဘူးသီးတောင်တွင် စားကုန်နှင့် ဟင်းသီးဟင်းရွက်ဈေး မြင့်တက်
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေနဲ့ နေ့စဉ် စားသုံးလေ့ရှိတဲ့ ဟင်းသီး ဟင်းရွက်နဲ့ သားငါးဈေးတွေ ပုံမှန်ဖြစ်နေကျထက်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နေ ဈေးဝယ်သူတဦးက “အခုက ဟင်းသီးဟင်းရွက်တွေလည်း အရင်ထက်စာရင် ဈေးကပိုတယ်ပေါ့။ အသားငါးတွေဆိုလည်း ဈေးကပိုတယ်။ ဈေးဝယ်ရတာ လည်း ဈေးများတယ်။ စီးပွားရေးအခြေအနေက အရင်ကထက် အခက်အခဲရှိတာပေါ့” လို့ ပြောပါတယ်။

အခုလို ဈေးတွေတက်နေရတာဟာ ဒေသထွက် သားငါး၊ သီးနှံတွေ ထုတ်လုပ်မှု ကျဆင်းနေသလို မြန်မာပြည်တွင်းနဲ့ အခြားမြို့နယ်တွေက တင်ပို့တဲ့ ကုန်စိမ်းသီးနှံတွေကိုပဲ တဆင့်ခံ မှာယူ ရောင်းချနေရတဲ့အတွက် ဈေးတက်နေရတာလို့ ကုန်ရောင်းသူတွေက ဆိုပါတယ်။

မောင်တောမြို့မှာ ဈေးရောင်းသူ ဒေါ်အေးခင်က “ဈေးကတော့ များတာပေါ့။ မနှစ်က ထက်စာရင် ဒီနှစ်ပိုများတယ်။ အမတို့လည်း တဆင့်ခံဝယ်ရတယ်လေ။ ဘူးသီးတောင်မြို့ကနေ၊ ဗမာပြည်ကလာတဲ့ ပစ္စည်းတွေရောင်းရတာလေ။ ဒီကသီးနှံတွေက မထွက်ဘူး။ အဲ့ဒါကြောင့် ဈေးများတော့ ဈေးများသလိုရောင်းရတာပေါ့၊ ချဉ်ပေါင်ရွက်တွေက အရင်က တစ်ရာဖိုး ငါးစည်း ခြောက်စည်း၊ ဒီနှစ် တစ်စည်းတစ်ရာရောင်းရတယ်”လို့ ပြောပါတယ်။

အဲ့ဒီအပြင် ဘူးသီးတောင်နဲ့ မောင်တောကြား သယ်ယူပို့ဆောင်စရိတ်တွေကလည်း မြင့်တက်နေတာကလည်း အကြောင်းတခုဖြစ်နေပါတယ်။

မောင်တောမြို့မှ  ဈေးရောင်းတဲ့ ဦးစံကျော် က “ဘူးသီးတောင်ကို သွားယူရတော့ အဲ့ဒီမှာ လမ်းစရိတ်က နည်းနည်းထောက်တယ်။ ကားခနဲ့ အလုပ်သမားခနဲ့ အဲလိုထောက်တော့ ဒီကိုရောက်ရင် ကားခနဲ့ လမ်းစရိတ်အတွက် ပစ္စည်းကို နည်းနည်းပိုပြီး ရောင်းရပါတယ်။ ဒီက ထွက်ကုန်နဲ့ မတူဘူးပေါ့” လို့ ပြောပါတယ်။

ဒေသမတည်မငြိမ်ဖြစ်နေတဲ့အတွက် သီးနှံပျက်စီးမှုတွေ ရှိခဲ့တဲ့အပြင် တောင်ယာ၊ ဆောင်း သီးနှံနဲ့ ဥယာဉ်စိုက်ပျိုးသူတွေမှာလည်း ပုံမှန် စိုက်ပျိုးရေး အလုပ်အကိုင်တွေ မလုပ်နိုင်တော့တဲ့ အတွက် ရေရှည်မှာ စားဝတ်နေရေးအခက်အခဲ ဖြစ်လာနိုင်တာကို ပူပန်မှုရှိနေတဲ့အတွက် ပြန်လည်အေးချမ်းတည်ငြိမ်ဖို့ လိုလားတယ်လို့ ဒေသခံတွေပြောကြပါတယ်။

ဘူးသီးတောင်မြို့ နေထိုင်သူ ဒေါ်သန်းသန်းဌေးက “ယာစိုက်တဲ့သူတွေ အခင်းစိုက်တဲ့ လူတွေ မရှိတော့သလိုဖြစ်နေပြီလေ ရှားလာပြီပေါ့။ ကျမတို့လို တောင်ယာစိုက်အခင်း လုပ်တဲ့ လူတွေကျတော့လည်း မလုပ်ဖြစ်တော့ဘူး။ အဲ့ဒီအကြောင်းနဲ့ဆိုတော့လည်း ကုန်ဈေးနှုန်းတွေ လည်း တက်တယ်။ တခြားနေရာက ၀ယ်စားရတာ ဆိုတော့လည်း အရသာမရှိဘူး။ တိုင်းရေးပြည်ရေး အခြေအနေကြောင့်ပဲလို့ ကျမထင်တာပေါ့”လို့ ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်က တိုက်ခိုက်မှုတွေဖြစ်လာခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို အခြေခံစားသောက်ကုန်တွေနဲ့ ဟင်းသီးဟင်းရွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ။

အများစားသုံးတဲ့ ဆန်ကြမ်းနဲ့ စားသုံးဆီဈေးနှုန်း သိသိသာသာ မြင့်တက်လာတာမရှိပေမယ့် ပေါ်ဆန်းမွှေးတစ်အိတ်ကို အရင်နှစ်က ၃၈၀၀၀ ကျပ် လောက်၊ အခုနှစ် ၄၄၀၀၀ ကျပ်အထိ မြင့်တက်လာတဲ့အပြင် သာမန်စားသုံးနေကျ သားငါးနဲ့ ရာသီပေါ် သီးနှံတွေရဲ့ ဈေးနှုန်းတွေကလည်း ပုံမှန်ရှိနေကျဈေးနှုန်းထက် သုံးဆအထိ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013