DVB Logo
Home
မြန်မာသတင်း
ကြံဈေးထိုးကျမှုကြောင့် ရပ်စောက်မှာ သကြားစက်အချို့ ပိတ်ထားရ
DVB
·
December 6, 2017
ကြံဈေးထိုးကျမှုကြောင့် ရပ်စောက်မှာ သကြားစက်အချို့ ပိတ်ထားရ
Donate to DVB

 

ကြံဈေး မတည်မငြိမ်ဖြစ်ပြီး ဈေးထိုးကျမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်က သကြားစက်တချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

ရပ်စောက်မြို့နယ်၊ မြို့ဦးရပ်ကွက်ရှိ ဝင်းသော်တာဖြိုးနဲ့ စံရတီ သကြားစက်တို့ ပိတ်ထားရပြီး နဝရတ်သကြားစက်လည်း လက်ကျန်ကြံတွေနဲ့သာ ဆက်လက် လည်ပတ်နေရပါတယ်။

ဝင်းသော်တာဖြိုး သကြားစက်မှ မန်နေဂျာ ဦးခင်မောင်ညိုက “ကြံဈေး မတည်ငြိမ်လို့ပေါ့။ ကြံဈေး ထိုးကျတဲ့အချိန်မှာ တောင်သူတွေကလည်း ကြံစိုက်ဖို့ စိတ်မဝင်စားတော့ဘူး။ ကျနော်တို့ စက်ရုံတွေအနေနဲ့ကလည်း သကြားက ၁၀၀၀ ကျော်ပြီ ဆိုတာနဲ့ ပြည်ပသကြားတွေ ဝင်လာပြီ။ စံရတီသကြားစက်နဲ့ ကျနော်တို့ ဝင်းသော်တာဖြိုး သကြားစက်လည်း မလည်တော့ဘူး။ အရင်တုန်းက ကျနော်တို့ ဝင်းသော်တာဖြိုး သကြားစက်က တောင်သူတွေဆီကနေ ကုန်ကြမ်း ယူပြီးတော့ လည်တယ်။ ဈေးနှုန်းမမှန်တာရယ်၊ လုပ်သားဈေးတွေ တအား တက်လာတာရယ် ကြောင့်လည်း ပါတယ်” လို့ ပြောပါတယ်။

ကြံဈေး၊ သကြားဈေးတွေ မတည်ငြိမ်မှုကြောင့် တောင်သူတွေက ကြံအစား ပြောင်းဖူးကို ပြောင်းလဲ စိုက်ပျိုးနေတယ်လို့လည်း သိရပါတယ်။

၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တခြား အစားထိုးသီးနှံတွေ မပေါ်သေးတဲ့အတွက် ကြံကိုသာ တစိုက်မတ်မတ် စိုက်ပျိုးခဲ့ပြီး အဲဒီနောက်ပိုင်း ပြောင်းဖူးဈေး မြင့်လာတဲ့အတွက် ကြံအစား ပြောင်းကို ပိုမိုစိတ်ဝင်စားလာကြတာပါ။

“ခုလောလောဆယ်ကလည်း တောင်သူတွေ ကြံအစား ပြောင်းကို စိုက်မယ်ဆိုတဲ့ပုံစံ ဖြစ်လာတယ်။ ကြံစိုက်ရင် သုံးနှစ် တခါ စိုက်လို့ရတယ်။ ကြံစိုက်ရင် ကြံရဲ့ သွင်းအားစုက ၁ ဧက ၇ သိန်းလောက်ကုန်တယ်။ ပြောင်းဖူးက ၁ ဧကကို ၂ သိန်းနဲ့ ၇ သောင်းပဲ ကုန်မယ်။ ပြောင်းဖူးက ဈေးကွက်အရ ကြံထက်နည်းတယ် ဆိုပေမယ့် သွင်းအားစုကတော့ ကြံထက် သက်သာတယ်။ အဲဒါကြောင့် ပြောင်းဖူးကို စိုက်ဖို့ ဖြစ်လာတယ်” လို့လည်း မန်နေဂျာ ဦးခင်မောင်ညိုက ပြောပါတယ်။

သကြားဈေးပေါ် မူတည်ပြီး ကြံတင်လဲရည်ဈေးကို သတ်မှတ်ပေးရပြီး လက်ရှိမှာ သကြားဈေး ၁၄၀၀ ရရှိပါက ကြံတင်လဲရည် ၁ ပေပါကို ၇ သောင်းနဲ့ လည်းကောင်း၊ သကြားဈေး ၁၀၀၀ သာ ရရှိပါက ကြံတင်လဲရည် ၁ ပေပါကို ၅ သောင်းနဲ့ လည်းကောင်း သတ်မှတ်နေရတယ်လို့ သိရပါတယ်။

အခုနှစ် ကြံရာသီမှာ စက်ရုံတချို့က ခုတ်ခ၊ ကားခ အပါအဝင် စက်ရုံအရောက် ၁ တန်ကို အနိမ့်ဆုံး ကျပ် ၄၃၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ် ပေပြီး စက်ရုံတချို့က ကြံမစိုက်ခင် ကြံ ၁ တန်ကို ၅၀၀၀၀ ကျပ် ပေးမယ်ဆိုပေမယ့် အမှန်တကယ် ခုတ်သိမ်းချိန်မှာ ၄၅၀၀၀ ကျပ်သာ ပေးတဲ့အတွက် ကြံစိုက်တောင်သူတချို့ နစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၇-၂၀၁၈ ကြံရာသီမှာ သကြားစက်ရုံတချို့က သကြားဈေး ၅၀ ကျပ် ဈေးတက်တိုင်း ကြံ ၁ တန်ကို ၁၀၀၀ ကျပ် တိုးမြှင့်ပေးထားပြီး မိုင် ၄၀ နဲ့အထက် ဝေးလံတဲ့ ကြံတွေကို ၁ တန်ကို ၁၀၀၀ ကျပ် ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013